အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယော်ကယ်ရက်စ်ဟာ ဆွီဒင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဥပဒေရေးရာကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်နေပါတယ်။ ယော်ကယ်ရက်စ်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဟာဆန် စက်တင်ကာယာဟာ သူ့နဲ့ သူ့ရဲ့ အေဂျင်စီ HCM Sports Management တို့ကို ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခဲ့တဲ့ ဆွီဒင်မီဒီယာနှစ်ခုဖြစ်တဲ့ Fotboll Sthlm နဲ့ Expressen တို့ကို ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက စတော့ဟုမ်းအနီး ဟူဒင်ဂီမှာရှိတဲ့ ယော်ကယ်ရက်စ်ရဲ့ အေးဂျင့်ဆွေမျိုးတစ်ဦးရဲ့နေအိမ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ယော်ကယ်ရက်စ်ရဲ့ အပြောင်းအရွှေ့ကြေးကနေ အစိတ်အပိုင်းတစ်ခု ရရှိခဲ့ကြောင်း အဆိုပါဆွေမျိုးက ကြွားဝါခဲ့တာကြောင့် ပတ်သက်မှု ရှိနိုင်တယ်လို့ သံသယတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Goal

ဆွီဒင်ရဲတပ်ဖွဲ့ဟာ အဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေက ဘောလုံးလောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ပိုက်ဆံညှစ်ဖို့ ပစ်မှတ်ထားနေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ ယော်ကယ်ရက်စ်ဟာ ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ ပတ်သက်တဲ့အမှုအတွက် သက်သေအဖြစ် ခေါ်ယူခံခဲ့ရပြီး ၂၀၂၆ ခုနှစ်မှာ စတော့ဟုမ်းခရိုင်တရားရုံးမှာ ကလေးဘဝ သူငယ်ချင်းတစ်ဦးနဲ့ပတ်သက်ပြီး ထွက်ဆိုပေးရမှာ ဖြစ်ပါတယ်။

စက်တင်ကာယာရဲ့ ရှေ့နေ ဂျိုအာကင် လန်ဒ်ကွက်ဗစ်ကလည်း ယော်ကယ်ရက်စ်ကို အထောက်အထားတွေမှာ ပါဝင်တဲ့ အခြေအနေတွေအပေါ် မေးမြန်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆွီဒင်ရဲ့ အကြီးဆုံးဘောလုံးအေးဂျင့်ဖြစ်တဲ့ စက်တင်ကာယာနဲ့ သူ့ရဲ့ကုမ္ပဏီအပေါ် Expressen နဲ့ Fotboll Sthlm တို့က စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ရာဇဝတ်မှုနဲ့ ဆက်နွှယ်သူတွေဟာ HCM မှာ လူသစ်တွေ ခေါ်ယူရာမှာ ပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။

Photo Credit : Sweden Herald

စက်တင်ကာယာကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး “ရာဇဝတ်သမားတွေရဲ့ လွှမ်းမိုးမှုနဲ့ အကူအညီမပါဘဲ ကျွန်တော်ဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဘယ်ဆွီဒင်အေးဂျင့်မှ မရောက်ဖူးတဲ့အဆင့်ကို ရောက်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ယော်ကယ်ရက်စ်ကတော့ ဒီအမှုရဲ့ အဓိကပုဂ္ဂိုလ်ဟာ သူ့ရဲ့ကလေးဘဝသူငယ်ချင်းဖြစ်ကြောင်း ဒီပုဂ္ဂိုလ်ဟာ စက်တင်ကာယာ ဒါမှမဟုတ် HCM Sports Management နဲ့ ပုဂ္ဂိုလ်ရေးအရရော အလုပ်အကိုင်အရပါ ဆက်စပ်မှုမရှိကြောင်း သက်သေထွက်ဆိုသွားမှာ ဖြစ်ပါတယ်။

SVT Sport ကို လန်ဒ်ကွက်ဗစ်က “အထောက်အထားတွေမှာ ဖော်ပြထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်သေအဖြစ် သူ့ကို ခေါ်ထားတာပါ။” လို့ ပြောခဲ့ပါတယ်။ ဒီအမှုရဲ့ ရုံးချိန်းကို လာမယ့်နှစ် ဖေဖော်ဝါရီလ (၄)ရက်ကနေ (၁၁)ရက်နေ့အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ အိမ်ကွင်းပွဲစဉ်နဲ့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်တွေကို ကစားရမှာ ဖြစ်ပါတယ်။ ယော်ကယ်ရက်စ်ရဲ့ တရားရုံးမှာ ပါဝင်မှုဟာ သူ့ရဲ့ပွဲထွက်ကစားခွင့်ကို ထိခိုက်မထိခိုက်ဆိုတာတော့ မသိရသေးပါဘူး။