ရီးယဲလ် မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေဟာ ဘောလုံးလောကရဲ့ ဖိအားများပြားလှတဲ့ ပွဲကျပ်ဇယားကို ဝေဖန်ပြောဆိုလိုက်တဲ့ နောက်ဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး သူကိုယ်တိုင် ကျန်းမာရေးပြဿနာ ကြုံတွေ့ခဲ့ရပြီးနောက်မှာ အပြောင်းအလဲများ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစာအိမ်နဲ့အူလမ်းကြောင်းရောင်ရမ်းမှု (gastroenteritis) ကြောင့် အနားယူခဲ့ရပြီးနောက် ပွဲစဉ်တွေရဲ့ ဖိအားအပေါ် သူ့ရဲ့အမြင် ပြောင်းလဲသွားခဲ့တယ်လို့ ဘာပေက ဖွင့်ဟခဲ့ပြီး ကစားသမားတွေဟာ အနားယူဖို့ အချိန်ပိုလိုအပ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်က ကစားသမားတစ်ယောက်အနေနဲ့ တစ်ရာသီ ပွဲ(၆၀)ကို အမြင့်ဆုံးခြေစွမ်းနဲ့ ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ လစာများများရနေတာကြောင့် ဒီလိုခန္ဓာကိုယ်ဆိုင်ရာ ဖိအားတွေကို လက်ခံသင့်တယ်ဆိုတဲ့ အယူအဆကိုလည်း ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။

Photo Credit : Goal

ဘာပေရဲ့ မှတ်ချက်စကားတွေဟာ ကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ ပွဲကျပ်ဇယားပြဿနာအပေါ် စိုးရိမ်ပူပန်နေကြတဲ့ ကစားသမားများနဲ့ နည်းပြတွေရဲ့ တစ်ခဲနက်ထွက်ပေါ်လာတဲ့ ဝေဖန်သံတွေကို ပိုမိုအားကောင်းသွားစေခဲ့ပါတယ်။ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားလို ပြိုင်ပွဲတွေကို တိုးချဲ့လာတာနဲ့အမျှ ဘောလုံးပွဲစဉ်ဇယားဟာ အရင်ကထက် ပိုမိုကျပ်ညပ်လာခဲ့ပါတယ်။

“တစ်ရာသီကို ပွဲ(၆၀) ကစားဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အတွေ့အကြုံအရ ပွဲတွေအများကြီး ကြည့်ဖူးပေမယ့် တစ်ရာသီလုံး ပွဲ(၆၀)ကို အမြင့်ဆုံးခြေစွမ်းနဲ့ ကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်မှ ကျွန်တော်မမှတ်မိပါဘူး။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် အစာအိမ်နဲ့အူလမ်းကြောင်းရောင်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော်ပြန်စဉ်းစားမိပြီး ကျွန်တော့်ရဲ့အတွေးအခေါ်တွေ ပြောင်းလဲသွားခဲ့တယ်။ ကျွန်တော်တို့ အနားယူဖို့ အားလပ်ရက်အတွက် အချိန်ပိုလိုအပ်ပါတယ်။”

Photo Credit : Goal

“ဒီကိစ္စအတွက် အမြဲတမ်းကြားနေရတဲ့အဖြေကတော့ ‘မင်းတို့ ပိုက်ဆံတွေအများကြီးရနေတာပဲ၊ ကစားလိုက်’ ဆိုတာပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ ကစားနေကြရတာပေါ့။ ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလားမှာ ကစားနေတုန်းမှာပဲ တချို့အသင်းတွေ ရာသီကြိုလေ့ကျင့်ခန်းပြန်ဆင်းနေကြတာကို ကျွန်တော်မြင်ခဲ့ရတယ်။ ဒီမှာ ပြဿနာတစ်ခုခုတော့ ရှိနေပြီ။ အားလုံးက အဖြေတစ်ခုရှာရပါမယ်။ အဆုံးမှာတော့ အားလုံးအတွက် အကျိုးရှိမှာပါ။ ပိုပြီးအရည်အသွေးမြင့်တဲ့ ပွဲတွေကို မြင်တွေ့လာရမှာပါ။ ကျွန်တော်တို့အားလုံး ဘောလုံးကိုချစ်ကြပြီး ကိုယ့်အလုပ်ကိုလည်း ချစ်ကြပါတယ်။” လို့ သူက ဆိုပါတယ်။

လတ်တလောမှာတော့ ဘာပေဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဒီည (သောကြာနေ့) မှာ ယူကရိန်းအသင်း လာမယ့် အင်္ဂါနေ့ စက်တင်ဘာလ (၉)ရက်နေ့မှာ အိုက်စလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဘာပေရဲ့ လူသိရှင်ကြား ပြောဆိုမှုတွေဟာ FIFA နဲ့ UEFA လို အုပ်ချုပ်ရေးအဖွဲ့တွေအပေါ် ဖိအားတွေ ပိုမိုတိုးလာစေမှာဖြစ်ပြီး အနာဂတ်ပြက္ခဒိန် ပြုပြင်ပြောင်းလဲမှုတွေမှာ ဒီမရပ်မနား ပွဲကျပ်ဇယားကို ဖြေရှင်းပေးဖို့ တွန်းအားဖြစ်စေမှာ သေချာပါတယ်။ အမ်ဘာပေရဲ့ ဩဇာကြီးမားတဲ့ အသံဟာ အခုဆိုရင် ဒီငြင်းခုံဆွေးနွေးမှုရဲ့ အခရာကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။