ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ် ဂျာအို ပက်ဒရိုက သူအသင်းကို ပထမဆုံးရောက်ရှိလာချိန်မှာ အသင်းဖော်ဖြစ်သူ စူပါစတား ကိုးလ် ပါးလ်မာကို တွေ့ဆုံဖို့ အနည်းငယ် ကြောက်ရွံ့ခဲ့မိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ ဇူလိုင်လက ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီး ချက်ချင်းပဲ အသင်းနဲ့အသားကျကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ သူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ပွဲမှာ (၃)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်သုံးပွဲမှာလည်း (၂)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ကိုးလ် ပါးလ်မာဟာ ပြီးခဲ့တဲ့ရာသီနှစ်ခုအတွင်းမှာ လိဂ်ပွဲစဉ် (၇၀)မှာ (၃၇)ဂိုးသွင်း (၁၉)ဂိုး ဖန်တီးပေးကာ ချယ်လ်ဆီးမှာ သူ့ကိုယ်သူ နာမည်တစ်လုံးရအောင် တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo Credit : Goal
The Standard သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဂျာအို ပက်ဒရိုက “ကိုးလ်က စူပါစတားတစ်ယောက်ပါ။” လို့ ဆိုပါတယ်။ “ကျွန်တော် ချယ်လ်ဆီးကိုရောက်လာတဲ့အခါ သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို အနည်းငယ်ကြောက်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘရိုက်တန်မှာ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးမှာတော့ အခြေအနေမတူဘူးဆိုတာ ကျွန်တော်သိခဲ့တယ်။ ကျွန်တော် သူ့ကို ‘ကိုးလ်၊ ငါမင်းကိုကူညီဖို့ ဒီကိုရောက်လာတာ’ လို့ ပြောခဲ့ပါတယ်။”
“ကျွန်တော် သူ့ကိုကူညီနိုင်တယ်ဆိုတာ သူသိသလို သူကလည်း ကျွန်တော့်ကို ကူညီနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့နှစ်ယောက် ကွင်းထဲမှာ နားလည်မှုကောင်းကောင်းရှိပါတယ်။ ကျွန်တော်တို့အတူတူ ချယ်လ်ဆီးအတွက် ဖလားတွေ ပိုမိုဆွတ်ခူးပေးနိုင်မှာပါ။” ပြောဆိုခဲ့ပါတယ်။
Photo Credit : Fabrizio Romano
ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဟာ ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကို အပြိုင်အဆိုင်ခေါ်ယူခဲ့ကြပါတယ်။ ဂျာအို ပက်ဒရိုကတော့ အဆိုပါ တိုက်စစ်မှူးတွေနဲ့အတူ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်ဖို့ မျှော်လင့်နေပြီး သူ့ရဲ့ရေရှည် တစ်ဦးချင်းရည်မှန်းချက်ကတော့ Ballon d’Or ဆုကို ဆွတ်ခူးနိုင်ရေး ဖြစ်ပါတယ်။
“ဒီနွေရာသီမှာ အင်္ဂလန်က ကလပ်အသင်းကြီးတွေက ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကို ခေါ်ယူခဲ့ကြတယ်။ သူတို့နဲ့အတူ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်ရမှာက စိတ်ဝင်စားစရာကောင်းမှာပါ။ တစ်နေ့နေ့မှာ Ballon d’Or ဆုရဖို့က အိပ်မက်တစ်ခုပါပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ အရာအားလုံးက ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရမလား၊ မရမလားဆိုတာကို ပြောဖို့တော့ စောပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကစားပုံကို ကြည့်ရင်တော့ အခွင့်အရေးကောင်းရှိတယ်လို့ ခင်ဗျားတို့ ပြောကြမှာပါ။ ကျွန်တော်လည်း သဘောတူပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကိုသာ ရခဲ့မယ်ဆိုရင် ဒါက ထိပ်တန်းရာသီတစ်ခု ဖြစ်လာမှာပါ။ ဖလားတွေရရင် ခင်ဗျားက ဂန္ထဝင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်” လို့ သူက သူ့ရဲ့ရည်မှန်းချက်ကြီးမားပုံကို ဖွင့်ဟပြောကြားခဲ့ပါတယ်။