လိုက်ပ်ဇစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဇာဗီ ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ အဆုံးသတ်ဖို့ နီးကပ်လာခဲ့ပြီဖြစ်ပြီး အဆိုပါကစားသမားဟာ လန်ဒန်မြို့ကို ရောက်ရှိနေပြီလို့ ဂျာမန်သတင်းဌာန BILD က ဖော်ပြလိုက်ပါတယ်။
အသက် (၂၂)နှစ်အရွယ် ဒတ်ချ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းရဲ့ ကြာသပတေးနေ့ (ယနေ့) နံနက်ပိုင်း လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းကလည်း ဆိုင်မွန်စ်ကို “အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင်းမှ ခွင့်ပြုထားပြီးဖြစ်ကြောင်း” BILD သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။
Photo Credit : Spurs Web
ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ စပါးအသင်းအတွက် ကွင်းလယ်တိုက်စစ်ဖန်တီးရှင် (Playmaker) တစ်ဦးဟာ အရေးတကြီးလိုအပ်ချက် ဖြစ်နေပါတယ်။ သူတို့ရဲ့ အဓိကကစားသမား ဂျိမ်းစ် မက်ဒီဆင်ဟာ သြဂုတ်လအစောပိုင်းက ဒူးအရွတ်စုတ်ပြဲသွားတဲ့ ဒဏ်ရာကြောင့် ရာသီရှည်အနားယူရဖွယ်ရှိနေပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မူလပစ်မှတ်တွေဖြစ်တဲ့ အီဘီရီချီ အီဇေးကလည်း အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့ပြီး မော်ဂန် ဂစ်ဘ်စ် ဝှိုက်ကလည်း နော်တင်ဟမ် ဖောရက်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာကြောင့် စပါးတို့ ပစ်မှတ်လွဲချော်ခဲ့ရပါတယ်။
Photo Credit : We Ain’t Got No History
လိုက်ပ်ဇစ်အသင်းဟာ ဆိုင်မွန်စ်အတွက် အပိုဆုကြေးတွေအပါအဝင် ယူရို သန်း(၇၀)ဝန်းကျင် ရရှိဖို့ ရည်မှန်းထားပြီး နှစ်ဖက်အသင်းကြား သဘောတူညီမှုရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ပါက ဘင်ဂျမင် ဆက်စ်ကိုကို မန်ယူထံ ယူရို သန်း(၈၀)နဲ့ ရောင်းချခဲ့ပြီးနောက် လိုက်ပ်ဇစ်အတွက် ဒုတိယမြောက် တန်ဖိုးကြီးမားတဲ့ ရောင်းချမှုတစ်ခု ဖြစ်လာမှာပါ။
အချိန်အတော်ကြာအထိ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာက ချယ်လ်ဆီးအသင်းဖြစ်ပြီး ကစားသမားဘက်ကလည်း သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာကစားသမား ဖာမင် လိုပက်ဇ်ကို ပစ်မှတ်ပြောင်းလိုက်ပြီး ယူရို သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့တာကြောင့် ဆိုင်မွန်စ်အတွက် တံခါးကို စပါးအသင်းက ဆွဲဖွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီ (၅)ရက်အလိုမှာတော့ အခြေအနေအားလုံးက တော့တင်ဟမ်ဘက်ကို ဦးတည်နေပြီဖြစ်ပြီး မကြာမီမှာပဲ တရားဝင်ကြေညာချက် ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။