မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမိုရင်က ကာရာဘောင်းဖလားပွဲစဉ်မှာ လိဂ်တူးကလပ် ဂရင်းစဘီတောင်းအသင်းကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ သူ့ကစားသမားတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ Blundell Park ကွင်းမှာ (၂)ဂိုးပြတ်ရှုံးနိမ့်နေရာကနေ Comeback ပြန်လည်ပြုလုပ်နိုင်ခဲ့လို့ ပွဲကို ရှည်လျားတဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ဆွဲခေါ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်နယ်တီအဆုံးအဖြတ်မှာတော့ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယပ်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ လွဲချော်ခဲ့တာကြောင့် အောက်ခြေကလပ်ရဲ့ လက်ချက်နဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

Photo Credit : ESPN

ဒီရှုံးပွဲဟာ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက်မှာ စတုတ္ထတန်းကလပ်တစ်သင်းကို ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် အရှက်ရဖွယ်အကောင်းဆုံး ရှုံးပွဲတွေထဲက တစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ “ကျွန်တော်တို့ ပရိသတ်တွေကို တောင်းပန်ပါတယ်လို့ပဲ ပြောရမှာပါ။” လို့ အမိုရင်က ဆိုပါတယ်။ “ကျွန်တော်တို့ ပွဲစတင်ခဲ့တဲ့ ပုံစံက ဒီပွဲထဲမှာ ရှိတောင်မရှိခဲ့သလိုပါပဲ။ ဒီလိုအချိန်မှာ အကောင်းဆုံးအသင်းကပဲ နိုင်သွားတာ ဘောလုံးရဲ့ တရားမျှတမှုပါပဲ။”

“ကျွန်တော့်ကစားသမားတွေက ဒီနေ့မှာ သူတို့ဘာလဲဆိုတာကို ကျယ်ကျယ်လောင်လောင် သက်သေပြသွားခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒါပါပဲ။” လို့ သူက ထေ့ငေါ့ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ “ကျယ်လောင်စွာ သက်သေပြသွားတယ်” ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မေးမြန်းရာမှာတော့ အမိုရင်က “သူတို့ ဘာကိုပြောသွားလဲဆိုတာ အရမ်းရှင်းလင်းပါတယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့ ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်းအတွက် ရှင်းလင်းခဲ့မှာပါ။”

Photo Credit : Reuters

“ဘယ်လိုမှ အားမာန်မပါဘဲ ပွဲကိုစတင်ခဲ့တဲ့ပုံစံ ဖိအားပေးကစားရမယ့် အတွေးအခေါ်တွေအားလုံး လုံးဝပျောက်ဆုံးနေခဲ့တယ်။ ဒါကြောင့် သူတို့ ကျယ်ကျယ်လောင်လောင် သက်သေပြသွားတယ်လို့ ကျွန်တော်ပြောတာပါ။ ဒါက ရလဒ်တစ်ခုထက် ပိုပါတယ်။ ဒါက အသင်းရဲ့ အကြီးမားဆုံး ပြဿနာပါပဲ။ ဒါက သည်းခံနိုင်တဲ့ အတိုင်းအတာရဲ့ အဆုံးစွန်နား ရောက်နေပါပြီ။ တစ်ခုခုတော့ ပြောင်းလဲရတော့မယ်လို့ ကျွန်တော်ထင်တယ်။ အခုချိန်မှာတော့ သီတင်းပတ်ကုန်ကစားမယ့်ပွဲကို အာရုံစိုက်ပြီးမှ စဉ်းစားဖို့ အချိန်ယူရပါမယ်။” လို့ သူက ပေါက်ကွဲပြောကြားခဲ့ပါတယ်။

ဂရင်းစဘီအသင်းရဲ့မန်နေဂျာ ဒေးဗစ် အာတဲလ်ကတော့ ဒီသမိုင်းဝင်နိုင်ပွဲအပြီးမှာ ဂုဏ်ယူမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။”ဒါက ၁၅ လ၊ ၁၈ လလောက် ကြိုးစားခဲ့သမျှရဲ့ အသီးအပွင့်တွေအားလုံး ဒီတစ်ညတည်းမှာ စုစည်းသွားသလိုပါပဲ” လို့ သူက ဆိုပါတယ်။ “မန်ချက်စတာယူနိုက်တက်က မယုံနိုင်စရာကောင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့မှာ ထိပ်တန်းနည်းပြတစ်ယောက်ရှိပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကျွန်တော်တို့မှာလည်း ဒီကလပ်အတွက် ကစားချင်စိတ်အပြည့်ရှိတဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။