အက်စတွန်ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းမှာ နေရာပျောက်နေတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပေမယ့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အခက်တွေ့ဖွယ်ရှိနေပါတယ်။
ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ဒီနွေရာသီမှာ သူ့ရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ မျှော်လင့်နေဆဲဖြစ်ပြီး ဂျက်ဆင်ကို ခေါ်ယူနိုင်ရေးအတွက် ငွေပေးချေမှုပုံစံတစ်ခုကို အဖြေရှာဖန်တီးရမှာ ဖြစ်ပါတယ်။ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ပြောင်းရွှေ့ကြေးကို ရာသီအများအပြားခွဲပြီး အရစ်ကျပေးချေတဲ့ နည်းလမ်းကို အသုံးပြုဖွယ်ရှိနေပါတယ်။ အမ်မရီဟာ ဗီလာရီးယဲလ်မှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း ဂျက်ဆင်ကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ အီတလီကလပ်အသင်းတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
Photo Credit : Goal
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းရဲ့ ဒုတိယဂိုးအများဆုံး သွင်းယူသူဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ကစားသမားသစ်တွေဖြစ်တဲ့ လီယမ် ဒီလပ်နဲ့ ဂျာအို ပက်ဒရိုတို့ ရောက်ရှိလာတာကြောင့် သူ့နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။ ဗီလာအသင်းဟာ ဂျေကော့ဘ် ရမ်ဆေးနဲ့ လီယွန် ဘိုင်လေတို့ကို ရောင်းချထားပြီးဖြစ်ပေမယ့် ဂျက်ဆင်ကို ခေါ်ယူဖို့အတွက် ငွေအလုံးအရင်းသုံးစွဲနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။
အမ်မရီအတွက် သတင်းကောင်းတစ်ခုကတော့ ဂျက်ဆင်ရဲ့လစာနှုန်းထားဖြစ်ပါတယ်။ သူဟာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ သာ ရရှိနေပြီး ဒါဟာ ဗီလာအသင်းရဲ့ လစာပေးချေမှု ဖွဲ့စည်းပုံအတွင်းမှာ ကောင်းကောင်းကိုက်ညီနေပါတယ်။ နည်းပြ အမ်မရီက ဂျက်ဆင်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က အခုလို ချီးကျူးခဲ့ဖူးပါတယ် – “သူက အသက် ၂၁ နှစ်အောက်အသင်းနဲ့ ရာသီကြိုစတင်ခဲ့ပြီး ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းလာတဲ့အခါ သူ့ရဲ့အလားအလာကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ သူ့ရဲ့စွမ်းရည်တွေအပေါ် တစ်နှစ်လုံး အလုပ်လုပ်ခဲ့ပြီးနောက် သူကစားပုံကို ပိုနားလည်လာပြီး သူ့ရဲ့အလားအလာကို ဘယ်လိုထုတ်သုံးရမလဲဆိုတာ တိုးတက်လာခဲ့တယ်။”
Photo Credit : We Ain’t Got No History
“ဒါ့အပြင် သူ့ရဲ့ စိတ်ဓာတ်ပိုင်းကလည်း အံ့မခန်းပါပဲ။ သူက အမြဲတမ်း သင်ယူလိုစိတ်ရှိတယ်။ ပိုပြီးလေ့ကျင့်ချင်တယ်၊ အာရုံစိုက်တယ်။ လေ့ကျင့်ရေးကွင်းအပြင်ဘက် အိမ်မှာလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်လို နေထိုင်တယ်၊ ဘာလို့လဲဆိုတော့ သူ့ဘဝရဲ့ ပထမဦးစားပေးက ဘောလုံးဖြစ်နေလို့ပါပဲ။”
အခုချိန်ကတော့ ဂျက်ဆင်အတွက် ဆုံးဖြတ်ရမယ့်အချိန် ဖြစ်ပါတယ်။ သူ့ကိုစိတ်ဝင်စားတဲ့ အသင်းတွေ အများအပြားရှိနေပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို အငှားချဖို့ ဆန္ဒမရှိတာကြောင့် အရစ်ကျငွေပေးချေမှုနဲ့ ကမ်းလှမ်းမယ့် ဗီလာအသင်းက ဒီအပြိုင်လွှဲပြောင်းမှုမှာ အနိုင်ရသွားနိုင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း နီးကပ်လာပြီဖြစ်တာကြောင့် ဂျက်ဆင်အနေနဲ့ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံး အပြီးသတ်ဆုံးဖြတ်လိုနေမှာ သေချာပါတယ်။