မန်ချက်စတာ စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗာဟမ်တန်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြတောက်ပခဲ့တဲ့ ကစားသမားသစ် တီဂျာနီ ရိုင်းဒါစ်ကို နည်းပြပက်ပ် ဂွါဒီယိုလာက မယုံနိုင်လောက်စရာ ခေါ်ယူမှုကြီးအဖြစ် ချီးကျူးပြောကြားလိုက်ပါတယ်။
ဒီနွေရာသီမှာမှ အေစီမီလန်အသင်းကနေ စီးတီးကို ပြောင်းရွှေ့လာတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ရိုင်းဒါစ်ဟာ စနေနေ့က ကစားခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက်မှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပါတယ်။
Photo Credit : Goal
ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံရာမှာ ဂွါဒီယိုလာက “ဒီနေ့တစ်ပွဲတည်းတင် မဟုတ်ပါဘူး။ ပါလာမိုနဲ့ (ရာသီကြို) ပွဲတုန်းကလည်း သူ တကယ်ကောင်းခဲ့တယ်။ သူက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ လိုအပ်နေတဲ့ ကစားသမားပုံစံမျိုးပါပဲ။ ကျွန်တော်တို့အတွက် မယုံနိုင်လောက်စရာ ခေါ်ယူမှုကြီးတစ်ခုပါ။” လို့ ဆိုပါတယ်။
“သူ့ရဲ့ ကြိုးစားအားထုတ်မှု ကွင်းလယ်ခံစစ်နေရာကနေ နေရာအများကြီးကို လွှမ်းခြုံနိုင်မှု ပြီးတော့ ဘောလုံးနဲ့အတူ ထိန်းချုပ်ကစားပုံနဲ့ လှုပ်ရှားမှုတွေက အရမ်းကောင်းတယ်။ နောက်ပြီး ဂိုးရဖို့ နောက်ကနေပြေးဝင်ဖို့ ကြိုးစားတတ်သေးတယ်။ သူ့အတွက် တကယ်ကို ဝမ်းသာပါတယ်” လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ပြီးခဲ့တဲ့ရာသီက ဂွာဒီယိုလာလက်ထက် အဆိုးရွားဆုံး ရာသီတွေထဲက တစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ စီးတီးဟာ ၂၀၂၅ ခုနှစ်မှာ ကစားသမားသစ်များစွာနဲ့အတူ အသင်းကို ပြန်လည်တည်ဆောက်နေပါတယ်။ အခုချိန်မှာတော့ ဒတ်ချ်လက်ရွေးစင် ရိုင်းဒါစ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအားနည်းခဲ့တဲ့ ကွင်းလယ်ပိုင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာမယ့်ပုံပါပဲ။
ဂွါဒီယိုလာနဲ့ ရိုင်းဒါစ်တို့ဟာ သူတို့ရဲ့ ရာသီအစ ခြေစွမ်းကောင်းကို လာမယ့် စနေနေ့မှာတော့ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့အခါ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ဒီကွင်းမှာပဲ စပါးကို ၄-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာအတွက်လည်း လက်စားချေလိုနေပါတယ်။