ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ နှစ်ရာသီကြာ ဝေးကွာနေခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာတဲ့ ချယ်လ်ဆီးအသင်းအတွက် လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါရဲ့ ရာသီသစ်ကြိုတင် ခန့်မှန်းချက်တစ်ခုဟာ ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ ကာရေဂါက ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့်ကနေတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အန်ဇို မာရက်စကာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၄) နေရာရရှိခဲ့ပြီး ယူအီးအက်ဖ်အေ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို အမေရိကန်မှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေက ကာရေဂါကိုတော့ ယုံကြည်မှုမပေးနိုင်ခဲ့ပါဘူး။

Photo Credit : The Chelsea Chronicle

The Overlap အစီအစဉ်မှာ ကာရေဂါက “ချယ်လ်ဆီးနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပူပူနွေးနွေး သုံးသပ်ချက်ကတော့ သူတို့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်လိမ့်မယ်လို့ မထင်ဘူး။” လို့ ပြောခဲ့ပါတယ်။ ချန်ပီယံလိဂ်ပုံစံသစ်အရ အသင်း (၃၆)သင်းထဲက အဆင့်(၈) အထိက (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်မှာဖြစ်ပြီး အဆင့်(၉) ကနေ (၂၄) အတွင်းက အသင်းတွေက ရှုံးထွက်ပလေးအော့ဖ် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာရေဂါရဲ့ ခန့်မှန်းချက်က ချယ်လ်ဆီးအသင်း အဆင့်(၂၅) အောက်ကို ရောက်သွားမယ်လို့ ဆိုလိုနေတာကြောင့် ပရိသတ်တွေက လက်မခံနိုင်ခဲ့ကြတာပါ။

ဒီခန့်မှန်းချက်ကြောင့် ချယ်လ်ဆီးပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကာရေဂါကို အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “ဒီလူပြက်က နာမည်ကြီးချင်လို့ ချယ်လ်ဆီးကို တမင်သက်သက် သိက္ခာချနေတာ” လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးကလည်း “ဇိုလာက သူ့ကို တစ်နိုင်ငံလုံးရှေ့မှာ အရှက်ခွဲခဲ့ကတည်းက ချယ်လ်ဆီးကို မကျေမနပ်ဖြစ်နေတာ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Photo Credit : Sky Sports

အခြားပရိသတ်တစ်ဦးက “ဒီအချိန်မှာ ကာရေဂါက သူ့ရဲ့ rating တက်ဖို့ ချယ်လ်ဆီးနာမည်ကို သုံးနေတာပဲ။” လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးကတော့ “သူက အာရုံစိုက်ခံချင်တဲ့လူပဲ။ သူ့ကို မေ့လိုက်ပါ။ ချယ်လ်ဆီးအကြောင်း ကောင်းတာပြောပြော ဆိုးတာပြောပြော ကျွန်တော့်အတွက် ဘာမှအရေးမကြီးဘူး။” လို့ ပြောခဲ့ပါတယ်။

ဒါဟာ ကာရေဂါက ချယ်လ်ဆီးကို ဝေဖန်ခဲ့တဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူက ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့မူဝါဒကိုလည်း အခုလို သုံးသပ်ခဲ့ဖူးပါတယ်။ “ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေကို ကြည့်လိုက်ရင် ကစားသမားတွေ အများကြီး အဝင်အထွက်လုပ်နေပေမယ့် ဘယ်သူကမှ အသင်းရဲ့အဆင့်အတန်းကို တကယ်တိုးတက်အောင် မလုပ်နိုင်သလို ခံစားရတယ်။ ကိုးလ် ပါးလ်မာကတော့ အံ့မခန်းကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားတောင်ပံကစားသမားတွေအားလုံးက အတူတူပဲလို ဖြစ်နေတယ်။ ဥပမာအနေနဲ့ ဂျေမီ (ဘိုင်နို)-ဂစ်တန်စ် ဝင်လာပြီး နိုနီ မာဒူကီ ထွက်သွားတာမျိုးပေါ့။ ဒါက ဘာမှအဆင့်တက်လာတာမျိုး မဟုတ်ဘူး။ ချယ်လ်ဆီးရဲ့ နေရာတော်တော်များများမှာ ဒီလိုပဲ မြင်နေရတယ်” လို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။