အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီက အသင်းရဲ့ ပေါင် (၆၄)သန်းတန် တိုက်စစ်မှူးသစ် ဗစ်တာ ယိုကယ်ရက်စ်အပေါ် သူ့ရဲ့ ပွင့်ပွင့်လင်းလင်း သုံးသပ်ချက်ကို ပြောကြားလိုက်ပါတယ်။ သူ့ကို ချီးကျူးစကားဆိုခဲ့သလို အသင်းပရိသတ်တွေကိုလည်း စိတ်ရှည်သည်းခံပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ယိုကယ်ရက်စ်ဟာ စပို့တင်း လစ္စဘွန်းအသင်းနဲ့ နှစ်ရာသီအတွင်း (၉၇)ဂိုးသွင်း ဂိုးဖန်တီးမှု (၂၈)ကြိမ် ပြုလုပ်ခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းနဲ့အတူ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကိုယူဆောင်ပြီး အာဆင်နယ်ထံ ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ လုံးဝမတူညီတဲ့ အဆင့်တစ်ခုဖြစ်ကြောင်း အားလုံးက သိထားကြပါတယ်။

Photo Credit : beIN SPORTS

ဆွီဒင်တိုက်စစ်မှူးဟာ အရင်က ဘရိုက်တန်အသင်းမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပေမယ့် လေးရာသီအတွင်း (၈)ပွဲသာ ကစားခဲ့ရပြီး အငှားချခံနေရတာချည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီစီးတီး ပရိသတ်တွေကတော့ သူ့ရဲ့မြင့်မားတဲ့ ဂိုးသွင်းနှုန်းကို ကောင်းကောင်းမှတ်မိနေကြဆဲပါ။ အခုတော့ သူဟာ အင်္ဂလန်မြေကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီး အွန်နရီရဲ့ ကျောနံပါတ်(၁၄)ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ပြင်သစ်ဂန္ထဝင် အွန်နရီက ယိုကယ်ရက်စ်နဲ့ ပတ်သက်ပြီး “သူက ဂိုးဧရိယာထဲမှာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှူးကောင်း (a killer) တစ်ယောက်ပါ။ ကိန်းဂဏန်းတွေက လိမ်မပြောတတ်ပါဘူး။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တဲ့ အသင်းတစ်သင်းနဲ့ ပေါင်းစပ်လိုက်ရင် ဒါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်သင့်ပါတယ်။” လို့ အွန်နရီက ချီးကျူးစကားဆိုခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါပေမဲ့ သူက အသင်းပရိသတ်တွေကိုလည်း အခုလို သတိပေးခဲ့ပါတယ်။ “ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်အကြောင်း ပြောတဲ့အခါတိုင်း ဒါက မတရားဘူးလို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ မလိုအပ်တဲ့ ဖိအားတွေ ရောက်သွားစေလို့ပါ။ ခင်ဗျားတို့ သူ့အပေါ်မှာ စိတ်ရှည်ဖို့ လိုပါတယ်။ အခုခေတ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာက လူတွေက အရင်လို စိတ်မရှည်ကြတော့ဘူး။ သူတို့က ကစားသမားတစ်ယောက်ကို ချက်ချင်းခြေစွမ်းပြ ချက်ချင်းဂိုးသွင်းပြီး အသင်းကို ချက်ချင်းအနိုင်ရအောင် လုပ်ပေးစေချင်ကြတယ်။ ဒါက အမြဲတမ်းတော့ ဖြစ်မလာတတ်ပါဘူး။ တစ်ခါတလေမှာ ချက်ချင်းအသားကျဖို့ဆိုတာ မလွယ်ပါဘူး။”

“ကျွန်တော်က အာဆင်နယ်ပရိသတ်တစ်ယောက်ပါ။ သူ ခြေစွမ်းပြပြီး ကျွန်တော်တို့အတွက် ဂိုးတွေသွင်း အသင်းကို ဖလားရအောင် လမ်းပြပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့တော့ ဒါကို လုပ်နိုင်မှာမဟုတ်ဘူး။ ဂိုးတွေသွင်းရုံနဲ့ ချန်ပီယံဘွဲ့ကို အာမမခံနိုင်ဘူးဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးပါတယ်။ အသင်းလိုက် ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ သူ့ရဲ့ ကစားပုံနဲ့ ဂိုးသွင်းပုံတွေကို ကြည့်ရတာတော့ ဒါဟာ ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်လာပြီး ကျွန်တော်တို့ အဲ့ဒီဖလားကြီးကို ပြန်ကိုင်မြှောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဖလားကို လိုချင်နေတဲ့ တခြားအသင်းတွေလည်း အများကြီးရှိနေတာကိုတော့ မမေ့သင့်ပါဘူး။” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။