မန်ချက်စတာ စီးတီးအသင်းဟာ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ရိုဒရီဂိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)လောက်အထိ အသုံးပြုပြီး ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
ရီးယဲလ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုအတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တစ်လျှောက်လုံး ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ကာလ ပိတ်သိမ်းဖို့ (၃)ပတ်သာ လိုတော့တဲ့အချိန်မှာ သူ့ကိုရောင်းချဖို့ ပိုမိုအလေးအနက်ထားလာဖွယ် ရှိနေပါတယ်။ အသင်းရဲ့နည်းပြသစ် ဇာဘီ အလွန်ဆိုကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုဒရီဂိုကို အဓိကကစားသမားအဖြစ် အသုံးပြုဖို့ ရည်ရွယ်ချက်မရှိကြောင်း ရှင်းရှင်းလင်းလင်း အရိပ်အမြွက် ပြောကြားထားပါတယ်။
Photo Credit : Football Espana
ရိုဒရီဂိုဟာ နည်းပြဟောင်း အန်စလော့တီရဲ့ နောက်ဆုံးလတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သလို အလွန်ဆိုရဲ့ လက်ထက် ပထမဆုံးပွဲစဉ် (၆)ပွဲမှာလည်း စုစုပေါင်း ပွဲကစားချိန် မိနစ်(၉၀)ကျော်သာ ရရှိခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး သူ့ရဲ့ဆန္ဒကိုလည်း လီဗာပူးလ်အသင်းဘက်ကို ရှင်းရှင်းလင်းလင်း အသိပေးထားတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ရိုဒရီဂိုရဲ့ ခြေစွမ်းကို လူသိရှင်ကြား ချီးကျူးခဲ့ဖူးတာကြောင့် စီးတီးအသင်းနဲ့ ရိုဒရီဂိုတို့ကြား အပြောင်းအရွှေ့သတင်းတွေ ထပ်မထွက်လာခြင်းက အနည်းငယ် ထူးဆန်းနေခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အားကစားသတင်းစာ Marca ရဲ့အဆိုအရ မန်စီးတီးဟာ ရိုဒရီဂိုအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo Credit : Football Espana
စီးတီးအသင်းဟာ ဂျိမ်းစ် မက်ကာတီ၊ ဂျက် ဂရီးလစ်ရှ်နဲ့ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဆာဗင်ဟိုတို့ကို ရောင်းချရာကနေ ယူရိုသန်း(၁၂၀)ခန့် ပြန်လည်ရရှိနိုင်ပြီး အဆိုပါရန်ပုံငွေနဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ လုံလောက်မှာ ဖြစ်ပါတယ်။ အီတလီအားကစားသတင်းထောက် မက်တီယို မိုရက်တိုကလည်း ဆာဗင်ဟို ထွက်ခွာသွားခဲ့ပါက သူ့နေရာကို အစားထိုးဖို့ စီးတီးအသင်း စဉ်းစားနေတဲ့ ကစားသမားတွေထဲမှာ ရိုဒရီဂိုက ထိပ်ဆုံးက ပါဝင်နေတယ်လို့ ဆိုပါတယ်။
ရီးယဲလ်အသင်းကတော့ ရိုဒရီဂိုအတွက် ယူရိုသန်း(၁၀၀) ရရှိဖို့ ရည်မှန်းထားပြီး အနည်းဆုံး ပြောင်းရွှေ့ကြေးကိုတော့ ယူရိုသန်း(၈၀)လို့ သတ်မှတ်ထားပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အလက်ဇန်းဒါး အီဆက်ခ် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါက ရိုဒရီဂိုကို ခေါ်ယူဖို့အတွက် အခြေအနေကို စောင့်ကြည့်နေပါတယ်။ အာဆင်နယ်အသင်းကလည်း သူ့ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရီးယဲလ်အတွက်တော့ အဓိကကစားသမားတစ်ဦးကို ရောင်းချခြင်းဖြင့် ကွင်းလယ်လူသစ်တစ်ဦး ခေါ်ယူဖို့ ရန်ပုံငွေရရှိနိုင်ပြီး အင်္ဂလိပ်ကလပ်တွေကြား ဈေးပြိုင်ဆွဲမှုဖြစ်လာပါက သူတို့အတွက် အကျိုးအမြတ်အများဆုံး ဖြစ်လာနိုင်ပါတယ်။