နယူးကာဆယ်အသင်းကနေ အသည်းအသန်ထွက်ခွာလိုနေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းရဲ့ ကြိုးပမ်းမှုဟာ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်က နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အီဆက်ခ်ရဲ့ အပြောင်းအရွှေ့ဟာ နယူးကာဆယ်ဘက်က သူ့နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး ရှာဖွေနိုင်မှုအပေါ်မှာ မူတည်နေတာကြောင့် ဒီသတင်းက လီဗာပူးလ်အတွက် အရေးပါလာခဲ့တာပါ။

အီဆက်ခ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာလိုကြောင်း နယူးကာဆယ်ကို အတိအလင်း အသိပေးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နယူးကာဆယ်ဘက်ကတော့ လီဗာပူးလ်ရဲ့ ပေါင်သန်း(၁၁၀)တန် ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဆွီဒင်တိုက်စစ်မှူးကို ရောင်းချဖို့မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

Photo Credit : Football365

လက်ရှိမှာတော့ အီဆက်ခ်ဟာ အသင်းကြီးနဲ့ သီးခြားလေ့ကျင့်ခန်းဆင်းနေပြီး သူ့ကို ထွက်ခွာခွင့်မပေးတဲ့ ကလပ်ရဲ့ရပ်တည်ချက်အပေါ် အလွန်ဒေါသထွက်နေပါတယ်။ သူဟာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်တဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အတင်းအကျပ် ကြိုးစားသွားမှာဖြစ်ပြီး နယူးကာဆယ်အတွက် ကစားပေးတော့မှာ မဟုတ်ဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။

နယူးကာဆယ်အသင်းက အီဆက်ခ်ကို ပေါင်သန်း(၁၅၀)အထိ တန်ဖိုးဖြတ်ထားပေမယ့် လီဗာပူးလ်ကသာ တကယ် ဒီငွေပမာဏကို ပေးချေခဲ့ရင်တောင် သူတို့ဘက်က တိုက်စစ်မှူးသစ်တစ်ဦး အရင်ရှာဖွေဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ ဟူဂို အီကီတီကီ၊ လီယမ် ဒီလပ်၊ ဂျာအို ပက်ဒရို၊ ဘင်ဂျမင် ဆက်ကိုတို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်လွှတ်ခဲ့ရပါတယ်။

Photo Credit : Football365

ဒါပေမဲ့ အခုတော့ အဖြေတစ်ခု ရှိလာနိုင်ပါတယ်။ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးကနေ ထွက်ခွာဖြစ်ခဲ့ရင် နယူးကာဆယ်က သူ့ရဲ့ဦးစားပေးအသင်းဖြစ်ကြောင်း ဂျက်ဆင်က ဖွင့်ဟထားပါတယ်။ ဆီနီဂေါလက်ရွေးစင်ဟာ ဒီလပ်နဲ့ ဂျာအို ပက်ဒရိုတို့ ရောက်ရှိလာပြီးနောက် ချယ်လ်ဆီးမှာ နေရာပျောက်ဆုံးနေပြီး ရောင်းချခံရမယ့် ကစားသမားစာရင်းထဲ ရောက်နေတာပါ။

ဂျက်ဆင်ဟာ သောကြာနေ့က လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ချယ်လ်ဆီးလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အီဆက်ခ်လိုပဲ သီးခြားလေ့ကျင့်ခန်းဆင်းနေပါတယ်။ ချယ်လ်ဆီးဟာ ၂၀၂၃ ခုနှစ်က ဗီလာရီးယဲလ်ကနေ ပေါင်(၃၂)သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဂျက်ဆင်ကို ရောင်းချဖို့ ကလပ်အသင်းအများအပြားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဘက်ကတော့ ၂၀၃၃ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ ဂျက်ဆင်ကို ရောင်းချဖို့ အလျင်မလိုဘဲ အစောပိုင်းက ပေါင် သန်း ၁၀၀ လို့ ဈေးခေါ်ခဲ့တာကြောင့် အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ချယ်လ်ဆီးက ဂျက်ဆင်ကို ပေါင်သန်း(၅၀)ဝန်ကျင်းနဲ့ပင် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။