ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုဟန် လာပေါ်တာက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ဥရောပဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် သြဇာအကြီးဆုံး အသင်းတစ်သင်းအဖြစ် အမွှမ်းတင်ပြောကြားခဲ့ပြီး လာမယ့်ချန်ပီယံလိဂ်ရာသီမှာ ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် အလားအလာအပေါ် အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ပြောကြားချက်ထဲမှာ ပြိုင်ဘက်အသင်းများကို သွယ်ဝိုက်ထိခိုက်ပြောဆိုမှုများလည်း ပါဝင်ခဲ့ပါတယ်။

လူးဝစ် အင်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ် လီဂူးဝမ်း အမှတ်ပေးချန်ပီယံဆု ၊ ချန်ပီယံလိဂ် ချန်ပီယံဆုတို့ အပါအဝင် တစ်ရာသီအတွင်း ဆုဖလား (၄)လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာဥက္ကဋ္ဌက ပဲရစ်အခြေစိုက်ကလပ်ရဲ့ ကစားဟန်နဲ့ အရည်အသွေးကို အလေးပေးချီးကျူးခဲ့ပါတယ်။ နည်းပြဟန်ဆီ ဖလစ်ခ်ရဲ့လက်ထက်မှာ ဘာစီလိုနာအသင်းဟာလည်း ထူးချွန်ပြောင်မြောက်တဲ့ ၂၀၂၄-၂၅ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး ဥရောပရဲ့အမြင့်ဆုံးကလပ်ပြိုင်ပွဲမှာ အဝေးကြီးသွားနိုင်ဖို့ မျှော်လင့်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ချန်ပီယံလိဂ်ခရီးလမ်းကတော့ အီတလီထိပ်သီး အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ကွဲဖွယ်ရာ အဆုံးသတ်ခဲ့ရပါတယ်။ တကယ်လို့သာ အဲ့ဒီပွဲစဉ်မှာ ကတ်တလန်သားတွေ အနိုင်ရခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းနဲ့ အိပ်မက်ဆန်တဲ့ ဗိုလ်လုပွဲတစ်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။

Photo Credit : The New York Times

လာပေါ်တာက အခုလို ထိပ်တန်းအသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို လွဲချော်ခဲ့ရခြင်းဟာ ကလပ်အသင်းအတွက်သာမက ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေအတွက်ပါ ကြီးမားတဲ့စိတ်ပျက်စရာတစ်ခုဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ CNN နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူက “ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ရာသီမှာ အံ့မခန်းစွမ်းဆောင်ပြခဲ့ပါတယ်။ သူတို့ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့တယ်။ ပြင်သစ်လိဂ်ဖလားကိုလည်း ရယူခဲ့တယ်။ ထူးချွန်တဲ့ နည်းပြ ထိပ်တန်းကစားသမားတွေနဲ့ တောင့်တင်းတဲ့အသင်းတစ်သင်းအဖြစ် လှပတဲ့ဘောလုံးပွဲတွေကို ကစားပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ သူတို့နဲ့ မကစားခဲ့ရဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အခွင့်အရေး လွဲချော်ခဲ့ပေမယ့် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ဟာ ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း လာပေါ်တာက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ သူက ဒီကလပ်နှစ်သင်းဟာ ဥရောပတိုက်ရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ပြကလပ်တွေထဲမှာ ပါဝင်ပြီး လာမယ့်ရာသီရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမှာ တစ်ချိန်ချိန်တော့ ထိပ်တိုက်တွေ့ဆုံရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : FC Barcelona Noticias

“ဒါဟာ ကမ္ဘာက စောင့်မျှော်နေတဲ့ ဘောလုံးပွဲတစ်ပွဲပါပဲ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့နှစ်သင်းက အပြိုင်အဆိုင်နိုင်ဆုံးနဲ့ အကောင်းဆုံးပြင်ဆင်ထားတဲ့ အသင်းတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်လို့ပါပဲ။ ဒီရာသီမှာတော့ သူတို့နဲ့ ကစားရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါမှ ဘယ်အသင်းက ပိုကောင်းလဲဆိုတာကို ကျွန်တော်တို့ သိနိုင်မှာပါ။ တခြားကလပ်တွေကို လေးစားမှုအပြည့်နဲ့ ပြောရရင် ဒီရာသီမှာလည်း ဘောလုံးအလှပစားတဲ့ တခြားကလပ်တစ်ခု ပေါ်ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးကစားပုံအရတော့ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာနဲ့ ပဲရစ်တို့ဟာ ကမ္ဘာပေါ်မှာ ခြေစွမ်းအကောင်းဆုံးနဲ့ ကစားပုံအလှပဆုံးအသင်းတွေဖြစ်တယ်လို့ ဘောလုံးကိုချစ်တဲ့သူတိုင်းက ပြောကြမှာပါ။” ဟု လာပေါ်တာက ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ရာသီသစ်အတွက် ပြင်ဆင်မှုတွေကတော့ ဒီတစ်ပတ်မှာ ဆက်လက်ရှိနေပြီး အသင်းဟာ လာမယ့် သြဂုတ်လ (၁၀)ရက်နေ့မှာ ယိုဟန် ဂမ်ပါ ဖလား ပွဲစဉ်အဖြစ် ကိုမိုအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ ဘာစီလိုနာအသင်းဟာ လာမယ့်သီတင်းပတ်မှာ မာယော့ကာအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကနေစပြီး သူတို့ရဲ့ လာလီဂါချန်ပီယံသရဖူကို ကာကွယ်ဖို့ အာရုံစိုက်သွားရတော့မှာ ဖြစ်ပါတယ်။