မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ဘန်ဂျမင် ဆက်စကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိတော့မယ့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီ (၂၂)နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူးအတွက် နယူးကာဆယ်အသင်းနဲ့ ပြိုင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းက ပထမဆုံးအကြိမ်အဖြစ် ယူရို(၇၅)သန်းအပြင် နောက်ထပ် ယူရို(၅)သန်း အပိုဆောင်းကြေးနဲ့ ကမ်းလှမ်းခဲ့ပြီးနောက် ယူရို(၈၀)သန်းအထိ တိုးမြှင့် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းကလည်း (၂၄)နာရီအတွင်းမှာပဲ ယူရို(၇၅)သန်းအပြင် အပိုဆောင်းကြေး ယူရို(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit : Man Utd News

နယူးကာဆယ်အသင်းကတော့ ဆက်စကို ကို ခေါ်ယူဖို့ အားထုတ်နေဆဲဖြစ်ပြီး ယူရို(၈၂.၅)သန်းအပြင် အပိုဆောင်းကြေး ယူရို(၂.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ လိုက်ပ်ဇစ်အသင်းက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆက်စကိုရဲ့ ဆန္ဒက မန်ယူကို ပြောင်းရွှေ့ဖို့ဖြစ်ပြီး အခုဆိုရင် အသင်းအားလုံးက ဒီအခြေအနေကို သိရှိနေကြပါပြီ။

လိုက်ပ်ဇစ်အသင်းရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆွေးနွေးမှုတွေက ရှေ့ဆက်နေပါတယ်။ အသင်းချင်း သဘောတူညီမှု မရသေးပေမယ့် အခြေအနေက အကောင်းဘက်ကို ဦးတည်နေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ နယူးကာဆယ်အသင်းက ပိုမိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ အသင့်ရှိနေပေမယ့် ဆက်စကိုရဲ့ ဆန္ဒက မန်ယူအသင်းဘက်ကို ရောက်စေခဲ့တာပါ။

Photo Credit : BBC

ဆက်စကိုဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ (၂၁)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဆဲလ်ဘာ့ဂ်ကနေ ရောက်ရှိလာပြီးနောက်ပိုင်း ဂျာမန်ကလပ်အတွက် (၈၇)ပွဲ ကစားခဲ့ရာမှာ (၃၉)ဂိုးသွင်းပြီး (၈)ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။ ယူနိုက်တက်ဟာ ဆက်စကို ကို ခေါ်ယူဖို့ မစဉ်းစားမီက အက်စတွန် ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေက ဝက်ကင်စ်အတွက် ကုန်ကျမယ့် ပြောင်းရွှေ့ကြေးက များပြားလိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာကြောင့် ခေါ်ယူဖို့ နောက်တွန့်သွားခဲ့ပါတယ်။

ဒီနွေရာသီမှာပဲ ယူနိုက်တက်အသင်းက လီယမ် ဒီလက်ပ်ကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတိုက်စစ်မှူးကတော့ အစ်ပ်ဝစ်ချ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ ဝုဗ်မှ တိုက်စစ်ကစားသမား မားသီးယပ်စ် ကူညာနဲ့ ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပါရာဂွေးကလပ် ဆယ်ရို ပိုတီနိုမှ လူငယ်ဘယ်နောက်ခံလူ ဒီယေဂို လီယွန်ကိုလည်း ခေါ်ယူထားပါတယ်။