လီဗာပူးလ်အသင်းရဲ့ စံချိန်တင် ခေါ်ယူမှုသစ်ဖြစ်တဲ့ ဂျာမနီကြယ်ပွင့် ကစားသမား ဖလော်ရီယန် ဝါ့ဇ်က ပေါင်(၁၁၆)သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ သူ့အတွက် အရေးမကြီးဘဲ ဘောလုံးပဲ ကစားချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင် ကစားသမားဖြစ်သူ ဝါ့ဇ်ဟာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကနေ အန်ဖီးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဗြိတိန်ဘောလုံးလောကမှာ တန်ဖိုးအကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ် ကစားသမားဟာ လီဗာပူးလ်မှာ ခြေစွမ်းပြဖို့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။
Photo Credit : Goal
ဝါ့ဇ်အနေနဲ့ သူ့ရဲ့တန်ဖိုးနဲ့ပတ်သက်ပြီး မေးခွန်းတွေ မပေါ်လာစေဖို့အတွက် ချက်ချင်းဆိုသလို အသင်းအတွက် အကျိုးသက်ရောက်မှု ရှိအောင် လုပ်ပြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝါ့ဇ်ကတော့ သူ့အနေနဲ့ ထိန်းချုပ်လို့ မရတဲ့အရာတွေအတွက် စွမ်းအင်တွေ အကုန်ခံပြီး စိတ်ပူနေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
သမိုင်းဝင် ပြောင်းရွှေ့ကြေးက သူ့အပေါ် ဖိအားဖြစ်စေလားလို့ The Times သတင်းစာက မေးမြန်းခဲ့ရာမှာ ဝါ့ဇ်က အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် ဒါကို မတွေးပါဘူး။ ကျွန်တော်က ဘောလုံးပဲ ကစားချင်တာပါ။ ကလပ်အသင်းတွေ အချင်းချင်း ဘယ်လောက် ပိုက်ဆံပေးတယ်ဆိုတာက အရေးမကြီးပါဘူး။ စိန်ခေါ်မှုအကြီးဆုံးကတော့ ချန်ပီယံဆုကို ပြန်ပြီး ဆွတ်ခူးဖို့ပါပဲ။ အဲဒါက အခက်ခဲဆုံးအရာ ဖြစ်တာကြောင့် ကျွန်တော် အခွင့်အရေးတွေ ဖန်တီးပေးဖို့နဲ့ ဘောလုံးမရတဲ့အချိန်မှာလည်း ကြိုးစားဖို့အတွက် ပြေးလွှားပြီး ကစားမှာပါ။ ဒါကို အသင်းကို ယူဆောင်လာဖို့ ကြိုးစားသွားမှာပါ။ ပြီးတော့ ဘောလုံးရတဲ့အချိန်မှာလည်း ကျွန်တော့်ရဲ့အသင်းဖော်တွေကို ပိုကောင်းတဲ့ အနေအထားတွေ ရောက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
Photo Credit : Goal
ဝါ့ဇ်ဟာ အင်္ဂလန်မှာ သင်ယူစရာတွေ အများကြီးရှိတယ်ဆိုတာကို လက်ခံထားပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာနဲ့ပတ်သက်လို့လည်း အခုလို ထပ်ပြောခဲ့ပါတယ်။ “ကျွန်တော် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ မကစားဖူးသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒါကို မျှော်လင့်နေပြီး အဲဒါကြောင့်လည်း ဒီကို ရောက်လာခဲ့တာပါ။ ရိုးရိုးသားသား ပြောရရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မသိပါဘူး။ ဂျာမန်လိဂ်နဲ့ ကွာခြားမှုတွေတော့ ရှိမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ကို ပိုကောင်းလာအောင် လုပ်ပေးနိုင်မယ့် သင်ယူစရာတစ်ခုလည်း ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တကယ်ကို မျှော်လင့်နေပါတယ်။ ပွဲတွေက ပိုပြင်းထန်ပြီး ကိုယ်ထိလက်ရောက် ပိုကြမ်းတယ်လို့ သူတို့က ပြောပါတယ်။ ကစားသမားတိုင်းက တကယ်ကို သန်မာပြီး မြန်ဆန်ကြပါတယ်။ ဒါကတော့ လူတိုင်း ကျွန်တော့်ကို ပြောပြနေတဲ့အရာဖြစ်ပြီး ကျွန်တော်လည်း သိထားပါတယ်။”
ဝါ့ဇ်ဟာ လီဗာပူးအတွက် ရာသီကြိုပွဲစဉ်တွေမှာ ကစားခဲ့ပြီး အာရှဖျော်ဖြေရေးခရီးစဉ်အတွင်း ယိုကိုဟားမားကို အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးဆုဖလားအဖြစ် အသင်းက တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းမှာ အက်ဖ်အေဖလား ချန်ပီယံ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းပွဲကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။