ဘာစီလိုနာအသင်းဟာ အာရှမှာပြုလုပ်နေတဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် ဒယ်ဂူအက်ဖ်စီကို ၅-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ရောက်ရှိလာတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပေမယ့် ပွဲရဲ့အကောင်းဆုံးကစားသမားကတော့ (၂)ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဂါဗီပဲ ဖြစ်ခဲ့ပါတယ်။

နည်းပြဟန်ဆီ ဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ပွဲအစမှာ အနည်းငယ် ခြေငြိမ်နေခဲ့ပေမယ့် မကြာခင်မှာပဲ သူတို့ ဘာကြောင့် ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့လဲဆိုတာကို သက်သေပြခဲ့ပါတယ်။ ရာဖင်ဟာနဲ့ လာမင်း ယာမယ်လ်တို့ရဲ့ တောင်ပံတိုက်စစ်ဆင်မှုတွေက ဒယ်ဂူခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး ပွဲချိန်(၂၁)မိနစ်မှာတော့ ယာမယ်လ်ရဲ့ တစ်ကိုယ်တော် ဆွဲပြေးမှုကနေ ဂါဗီက ဂိုးဧရိယာအပြင်ဘက်ကနေ လှပတဲ့ အဝေးကန်ချက်နဲ့ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယဂိုးကိုလည်း ဘာစီလိုနာတို့ သိပ်မကြာခင်မှာပဲ ရရှိခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဂျရတ် မာတင်ဟာ ဘယ်နောက်ခံလူ ဘယ်လ်ဒေးနဲ့ နေရာချိန်းကစားရာကနေ တိကျသေသပ်တဲ့ ဖြတ်တင်ဘောတစ်လုံးကို ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဆီ ပေးပို့ခဲ့ပြီး လီဝန်ဒေါစကီးက အသာအယာ ပိတ်သွင်းကာ ဘာစီလိုနာရဲ့ ဦးဆောင်မှုကို နှစ်ဂိုးအထိ မြှင့်တင်ပေးခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ဂျူးလ်စ်ကွန်ဒေးရဲ့ through ball ပေးပို့မှုကနေ ဂါဗီက ကိုရီးယားအသင်းရဲ့ ခံစစ်ကို ကျော်ဖြတ်ပြီး ရှေ့ထွက်လာတဲ့ ဂိုးသမားခေါင်းပေါ်ကျော် ချစ်ပ်ဘောကန်သွင်းကာ သူ့အတွက် ဒုတိယမြောက်သွင်းဂိုးနဲ့ ဘာစီလိုနာအတွက် တတိယဂိုးကို ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နည်းပြဖလစ်က ကစားသမားအများအပြားကို လူစားလဲခဲ့ရာမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်လာခဲ့ပြီး ဘာစီလိုနာအတွက် တတိယမြောက်ပွဲစဉ်ကို ကစားခွင့်ရခဲ့ပါတယ်။ ဘာစီလိုနာတို့ရဲ့ စတုတ္ထဂိုးကိုတော့ ဒန်နီ အော်လ်မိုရဲ့ ဖန်တီးပေးမှုကနေ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား တိုနီ ဖာနန်ဒက်ဇ်က အနီးတိုင်ဘက်ကို အေးအေးဆေးဆေး ကန်သွင်းပြီး ရယူခဲ့ပါတယ်။

ပွဲသိမ်းခါနီးမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ အခိုက်အတန့် ရောက်ရှိလာခဲ့ပါတယ်။ မန်ယူကနေ အငှားလာကစားနေသူ ရပ်ရှ်ဖို့ဒ်ဟာ အဲရစ် ဂါစီယာရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် ဂိုးဧရိယာအတွင်းမှ တိကျတဲ့ အဆုံးသတ်နဲ့ ကန်သွင်းပြီး ဘာစီလိုနာကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းတစ်ပိုင်းလုံး ကစားခဲ့တဲ့ ဒယ်ဂူအသင်းရဲ့ ဂိုးသမား ဟန်တေးဟီးက ကာကွယ်မှုကောင်းတွေ အကြိမ်ကြိမ်ပြသခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဘာစီလိုနာက ၅-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ACL ဒဏ်ရာကြောင့် ကိုးလကြာ အနားယူခဲ့ရပြီးနောက် ၂၀၂၄-၂၅ ရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂါဗီဟာ ဒီပွဲမှာတော့ သူ့ရဲ့ခြေစွမ်းအကောင်းဆုံးကို တဖြည်းဖြည်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ အသက်(၂၀)အရွယ် စပိန်ကွင်းလယ်လူဟာ (၂)ဂိုးသွင်းယူခဲ့ရုံသာမက ပက်ဒရီမပါဝင်တဲ့ ကွင်းလယ်ကို အပြည့်အဝ စိုးမိုးထားနိုင်ခဲ့ပြီး ပွဲအပြီးမှာ ပေးပို့မှုအောင်မြင်နှုန်း (၉၅)% နဲ့ ဂိုးပေါက်ကန်သွင်းမှု အောင်မြင်နှုန်း (၁၀၀)% အထိ ရှိခဲ့ပါတယ်။

Photo Credit : Goal

နည်းပြဖလစ်ဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ပွဲကစားချိန်ကို ဂရုတစိုက် စီမံခန့်ခွဲနေပြီး ခြေစမ်းပွဲအားလုံးမှာ ဒုတိယပိုင်းမှသာ ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒီပွဲမှာတော့ အသက်(၂၇)နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားဟာ သူ့ရဲ့ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တဲ့အပြင် ဘယ်တောင်ပံတိုက်စစ်မှာလည်း အလွန်တက်ကြွတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် လူငယ်တိုက်စစ်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒရို ဖာနန်ဒက်ဇ်နဲ့ တိုနီ ဖာနန်ဒက်ဇ်တို့လည်း ဒီပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒရိုက သာမန်ခြေစွမ်းသာ ပြသနိုင်ခဲ့ပေမယ့် တိုနီကတော့ သူ့ကို ဘာကြောင့် နည်းပြဖလစ်က ပြီးခဲ့တဲ့ရာသီ အသက်(၁၅)နှစ်အရွယ်မှာကတည်းက စီနီယာအသင်းကို ခေါ်ယူဖို့ စဉ်းစားခဲ့ရသလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ နောက်ခံလူ ဂျိုဖရီ တောရန့်စ်ကလည်း ဒုတိယပိုင်းမှာ အလွန်လျင်မြန်တဲ့ခြေစွမ်းနဲ့ ဘောလုံးကျွမ်းကျင်မှုကို ပြသသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီခြေစမ်းခရီးစဉ်အပြီး ကတ်တလိုးနီးယားကို ပြန်လည်ထွက်ခွာမှာဖြစ်ပြီး လာလီဂါရာသီသစ်မစတင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် သူတို့ရဲ့ ကစားသမားဟောင်း ဆက်စ် ဖာဘရီဂတ်စ် နည်းပြနေတဲ့ အီတလီကလပ် ကိုမိုအသင်းနဲ့ ဂျိုအန်ဂမ်ပါဖလားပွဲကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။