ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ဆစ်ဒနီ ဆွီနီဟာ သူ့ရဲ့ စေ့စပ်ထားသူနဲ့ လမ်းခွဲလိုက်ပြီးနောက်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့က ကစားသမားတွေရဲ့ စာတွေနဲ့ သူ့ရဲ့ Instagram DM (Direct Message) ဟာ ပြည့်နှက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် ဟောလိဝုဒ်ကြယ်ပွင့် ဆွီနီဟာ ထုတ်လုပ်သူ ဂျိုနသန် ဒါဗီနိုနဲ့ ၂၀၁၈ ခုနှစ်ကတည်းက လက်တွဲခဲ့ပြီး ၂၀၂၂ မှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကပဲ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အဆုံးသတ်သွားခဲ့ပြီး ဆွီနီကလည်း လူလွတ်တစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း “အခုချိန်မှာ ကျွန်မကိုယ့်အကြောင်းကိုယ် ပိုသိလာတယ်။ သူငယ်ချင်းတွေနဲ့ အချိန်ပိုသုံးဖြစ်တယ်။ ပြီးတော့ ဒီဘဝကို ကျွန်မ သဘောကျနေပါတယ်။” လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
Photo Credit : Goal
သူမရဲ့ ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး ကမ္ဘာတစ်ဝှမ်းက နာမည်ကျော်အမျိုးသားတွေက ချဉ်းကပ်ဖို့ ကြိုးစားလာကြရာမှာ အင်္ဂလန် ပရီးမီးယားလိဂ်က ဘောလုံးကြယ်ပွင့်တွေလည်း အပါအဝင် ဖြစ်နေပါတယ် The Sun သတင်းဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက အခုလို ပြောကြားခဲ့ပါတယ်။ “သူမရဲ့ Instagram DM ထဲမှာ နာမည်ကြီးအမျိုးသားတွေဆီက စာတွေ အပြည့်ပဲ။ အများစုကတော့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေပါပဲ။ သူတို့က ဆစ်ဒနီကို ဥရောပလာလည်ဖို့ သူတို့နဲ့ ချိန်းတွေ့ဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ သူမက အဲ့ဒီလိုမျိုး လိုက်လုပ်တဲ့ မိန်းကလေး မဟုတ်ပါဘူး။”
“တချို့ဆိုရင် ဇွဲမလျှော့ဘဲ သူမရဲ့လိပ်စာကိုရှာပြီး ပန်းစည်းတွေပို့ဖို့အထိ ကြိုးစားကြသေးတယ်။ ဒါပေမဲ့ သူမက အမြဲတမ်း ငြင်းပယ်ခဲ့ပါတယ်။ နာမည်ကြီးတွေ သန်းကြွယ်သူဌေးတွေကနေ အရှေ့အလယ်ပိုင်းနဲ့ အာရှက သူဌေးကြီးတွေအထိ လူပေါင်း(၁၀၀)ကျော်လောက်က သူ့ကို လစဉ် ဆက်သွယ်နေကြတာပါ။” လို့ အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
Photo Credit : Goal
သူမရဲ့ သူငယ်ချင်းတွေက ဆွီနီကို “ပေါ့ပ်ဘုရင်မ မက်ဒေါနားနောက်ပိုင်း အမေရိကရဲ့ အလိုအရှိဆုံး အမျိုးသမီး” ဖြစ်နေပြီလို့ နောက်ပြောင်ကြပေမယ့် သူမကတော့ လူမှုကွန်ရက်ပေါ်မှာ မဖွယ်မရာပြုမူမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။ “လေးစားမှုစည်းကို ကျော်လာတဲ့သူတွေကိုတော့ ချက်ချင်း Block ပစ်ပါတယ်။ လွန်ခဲ့တဲ့ မကြာခင်ကပဲ ကွာရှင်းထားတဲ့ အမေရိကန်မင်းသားတစ်ယောက်က သူမကို ချိန်းတွေ့ဖို့ ချဉ်းကပ်ခဲ့သေးတယ်။ သူမက ငြင်းလိုက်တော့ အဲ့ဒီမင်းသားက ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြန်ပြောတာကြောင့် သူ့ကို စကားဆက်မပြောဖို့နဲ့ အမျိုးသမီးတိုင်းကို လေးစားမှုပြဖို့ ပြန်ပြောခဲ့ရတယ်။” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
လက်ရှိမှာတော့ Euphoria ဇာတ်လမ်းတွဲရဲ့ မင်းသမီး ဆွီနီဟာ အနုပညာအလုပ်တွေသာမက American Eagle အဝတ်အထည်အမှတ်တံဆိပ်အတွက် ရိုက်ကူးထားတဲ့ ကြော်ငြာဗိုင်းရပ်စ်ဖြစ်နေတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အနုပညာဘဝ နှစ်ခုလုံးမှာ သတင်းခေါင်းကြီးပိုင်းတွေကို ဖုံးလွှမ်းနေသူ ဖြစ်ပါတယ်။