မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့ ကစားပုံကို ပျင်းရိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ဒီခြေစွမ်းဟာ ကလပ်အသင်းအနေနဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ လိုအပ်နေကြောင်း မီးမောင်းထိုးပြနေတယ်လို့ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမေရိကန်ခရီးစဉ်ကို Premier League Summer Series ဖလားရရှိပြီး ရာသီကြိုပွဲစဉ်တွေမှာ ရှုံးပွဲမရှိစံချိန်နဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့် အဲဗာတန်နဲ့ပွဲမှာတော့ ဦးဆောင်ဂိုးကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်ချေပခံခဲ့ရပါတယ်။ ဒီပွဲမှာ ဘရူနိုကိုယ်တိုင် ပင်နယ်တီကနေ ဂိုးသွင်းခဲ့သလို မေဆင်မောင့်ရဲ့ ဒုတိယဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့လို့ ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့်လည်း သူဟာ အသင်းရဲ့ ကစားပုံအပေါ် လုံးဝကျေနပ်ခြင်းမရှိခဲ့ပါဘူး။
Photo Credit : The Sun
ဘရူနိုက “ဘောလုံးမရှိချိန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။ နည်းနည်းလေး ပျင်းရိနေခဲ့ကြတယ်။ ဒါကို ကျွန်တော်တို့ ရှောင်ရှားရမယ်။ ဘာလို့လဲဆိုတော့ ပျင်းရိမှုအတွက် အချိန်မရွေး ပြန်ပေးဆပ်ရနိုင်တယ်။” လို့ ပြောကြားခဲ့ပါတယ်။ ကစားသမားသစ် ခေါ်ယူမှုနဲ့ ပတ်သက်ပြီး သူက ဆက်လက်ပြီး “အသင်းက တိုးတက်ဖို့ ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့နေရာကိုတော့ မရောက်သေးဘူး။ ဘယ်သူ့ကိုမှ လက်ညှိုးထိုးပြီး ပြောချင်တာမဟုတ်ပေမယ့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေအရ အကောင်းဆုံး ကြိုးစားနေတယ်လို့ ထင်ပါတယ်။”
“ဒါပေမဲ့ ထင်ထင်ရှားရှားမြင်သာနေတဲ့အချက်ကတော့ လက်ရှိကစားသမားတွေအတွက် ပြိုင်ဆိုင်မှုတွေ ပိုလိုအပ်နေတာပါပဲ။ လူတိုင်းကို ပိုပြီးကြိုးစားလာအောင် ပွဲထွက်ခွင့်ရဖို့ ပိုပြီးအားထုတ်လာအောင် အရည်အသွေးမြင့် ကစားသမားတွေ ထပ်လိုနေပါတယ်။ ကလပ်အသင်းနဲ့ နည်းပြကလည်း ဒါကိုပဲ ကြိုးစားနေတာပါ။ နောက်ထပ် ကစားသမားတစ်ယောက် နှစ်ယောက်လောက် ထပ်ရဖို့ မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။
Photo Credit : The Mirror
မန်ယူနိုက်တက်လို ကလပ်အသင်းကြီးမှာ ကစားရခြင်းရဲ့ ဖိအားတွေအကြောင်းကိုလည်း ဘရူနိုက အခုလိုပြောပါတယ်။ “အသေးစိတ်တိုင်းက အရေးကြီးပါတယ်။ ဒီကလပ်မှာ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ဘာအမှားမှ လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကြီးမားတဲ့အတွက် အမှားလုပ်ရင် အပြစ်ပေးခံရမှာပဲ။ မီဒီယာတွေ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံရတဲ့အတွက် ဒါကို သတိထားရမယ်။ ဒီကလပ်ရဲ့ ယဉ်ကျေးမှုက အနိုင်ရရှိရေးပဲဖြစ်ပြီး အဲ့ဒီစိတ်ဓာတ်ကို ကျွန်တော်တို့ ပြန်ယူလာရမယ်။”
“ကလပ်အသင်းက တခြားအရာတွေကိုလည်း တိုးတက်အောင်လုပ်နေပါတယ်။ လေ့ကျင့်ရေးကွင်း အထောက်အကူပစ္စည်းတွေ ပိုကောင်းလာတယ်။ အသင်းကို ဝန်ထမ်းတွေကို တိုးတက်အောင် ကြိုးစားနေတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ကလပ်မှာ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ဝန်ထမ်းတော်တော်များများလည်း အလုပ်က ထွက်သွားခဲ့ရတယ်။ ပရိသတ်တွေကလည်း လက်မှတ်ခတွေ ပိုပေးပြီး အားပေးနေရတယ်။ သူတို့ရဲ့ အားထုတ်မှုအားလုံးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က ကွင်းထဲမှာ ခြေစွမ်းနဲ့ ပြန်လည်ပေးဆပ်ရမယ့် အလှည့်ပါပဲ။” လို့ ဘရူနိုက တာဝန်ယူမှုအပြည့်နဲ့ ပြောကြားသွားခဲ့ပါတယ်။