အင်္ဂလန် လက်ရွေးစင်ကစားသမားဟောင်း ဒယ်လီ အလီရဲ့ ဘောလုံးသမားဘဝခရီးလမ်းဟာ ဝမ်းနည်းစရာ အလှည့်အပြောင်းတစ်ခုနဲ့ ထပ်မံ ရင်ဆိုင်နေရပြန်ပါပြီ။ အီတလီ စီးရီးအေကလပ် ကိုမိုအသင်းရဲ့ ရာသီကြိုလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသက်(၂၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဘောလုံးလောကကနေ အပြီးတိုင်အနားယူဖို့ လေးလေးနက်နက် စဉ်းစားနေပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံးနဲ့ အလားအလာအရှိဆုံး ကွင်းလယ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒယ်လီ အလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ကိုမိုအသင်းထံ (၁၈)လစာချုပ် (တစ်နှစ်ထပ်တိုးခွင့်ပါ) နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကံကြမ္မာ အပြောင်းအလဲမြန်စွာ ကျဆင်းလာခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝအနာဂတ်ဟာ အခုအခါမှာတော့ ပြင်းထန်တဲ့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။
Photo Credit : GiveMeSports
အလီအတွက် နောက်ဆုံးထိုးနှက်ချက်ကတော့ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တာပါ။ (၂)နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် ကိုမိုအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စီးရီးအေပွဲထွက်ခွင့်ရခဲ့တဲ့ အေစီမီလန်နဲ့ပွဲမှာ ပွဲချိန် (၉)မိနစ်အကြာမှာပဲ အနီကတ်ပြသခံခဲ့ရပြီး ကွင်းထဲက ထွက်ခဲ့ရပါတယ်။ ရူဘန် လော့ဖ်တပ်စ်-ချိခ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ VAR ပြန်လည်သုံးသပ်ပြီးနောက် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဒီအဖြစ်အပျက်ကြောင့် ကိုမိုအသင်းမန်နေဂျာ စက်စ် ဖာဘရီဂတ်စ်က ဒေါသတကြီးတုံ့ပြန်ခဲ့သလို ဒါဟာ အလီရဲ့ စီးရီးအေ ကစားသမားဘဝအတွက် အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ နည်းပြရဲ့ မျက်နှာသာပေးမှုကို မရရှိတော့ဘဲ ဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့်လည်း ၂၀၂၅-၂၆ ရာသီအတွက် အသင်းကြီးရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်တော့ခြင်းမရှိပါဘူး။
အီတလီအားကစားသတင်းစာ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အလီဟာ အသင်းရဲ့ အဓိကကစားသမားတွေနဲ့ သီးခြားခွဲပြီး လေ့ကျင့်ခန်းဆင်းနေရကာ ကစားသမားဘဝကနေ အပြီးတိုင် ထွက်ခွာသင့် မသင့်ကို အလေးအနက် ချိန်ဆနေတယ်လို့ သိရပါတယ်။ တစ်ချိန်က မျှော်လင့်ချက်တွေ အပြည့်နဲ့ တောက်ပခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝအတွက်တော့ ဒါဟာ ကြေကွဲစရာဇာတ်သိမ်းတစ်ခုပါပဲ။ အလီဟာ တော့တင်ဟမ် ဟော့စပါးအသင်းမှာ မော်ရီစီယို ပေါ်ချက်တီနိုရဲ့လက်အောက် ကြယ်ပွင့်တစ်ပွင့်အဖြစ် ထွန်းတောက်လာခဲ့ပြီး အထူးသဖြင့် ၂၀၁၆-၁၇ ရာသီမှာ ပြိုင်ပွဲစုံ (၂၂)ဂိုးအထိ သွင်းယူကာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ မှာ စပါးအသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၃၇)ပွဲကစားကာ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
Photo Credit : Africa Soccer
ဒါပေမဲ့ ဆက်တိုက်ဆိုသလိုရရှိခဲ့တဲ့ ဒဏ်ရာတွေ ခြေစွမ်းကျဆင်းမှုတွေနဲ့ ကွင်းပြင်ပက ဘဝအခက်အခဲတွေက သူ့ရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။ အဲဗာတန်အသင်းမှာ ကစားခဲ့ရတဲ့ ကာလကလည်း အောင်မြင်မှုမရခဲ့သလို ၂၀၂၂ မှာ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းကို အငှားသွားရောက်ကစားခဲ့ရာမှာလည်း ပြင်းထန်တဲ့ ပေါင်ခြံဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ စိတ်ခံစားမှုပြင်းထန်တဲ့ အင်တာဗျူးတစ်ခုမှာ အလီဟာ သူ့ရဲ့ ထိခိုက်ကြေကွဲဖွယ်ရာ ကလေးဘဝအကြောင်းကို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။ အသက်(၆)နှစ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာ အသက်(၈)နှစ်အရွယ်မှာ ဆေးလိပ်သောက်ပြီး မူးယစ်ဆေးရောင်းဝယ်ခဲ့ရတာတွေအပြင် သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တဲ့အကြောင်းတွေကိုပါ ဖွင့်ဟခဲ့ပါတယ်။ အလီဟာ ကိုမိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမယ့် သူ နောက်တစ်ကြိမ် ဘောလုံးကစားခွင့် ရပါဦးမလားဆိုတာကတော့ မသေချာတော့ပါဘူး။ လက်ရှိအခြေအနေအရတော့ အင်္ဂလန်ဘောလုံးလောကရဲ့ ကြီးကျယ်တဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သူဟာ အသက်(၃၀) မပြည့်ခင်မှာပဲ ဘောလုံးကန်ဖိနပ်ကို ချိတ်ဆွဲရတော့မယ့် အလားအလာနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။