မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ရွိုင်ရယ် အန့်ဝပ်ဂိုးသမား ဆန်နီ လမ်မန်းစ်က မန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်ပြီး သူကိုယ်တိုင်လည်း အဲ့ဒီလို အသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ကစားနိုင်လောက်တဲ့ အရည်အချင်းရှိတယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ် အန့်ဝပ်ရဲ့ ဂိုးသမားဖြစ်သူ လမ်မန်းစ်ကို မန်ယူနိုက်တက်အသင်းက စောင့်ကြည့်နေတာဖြစ်ပြီး ဇန်နဝါရီလကတည်းက အသက်(၂၃)နှစ်အရွယ် ဂိုးသမားကို အသင်းရဲ့နံပါတ်တစ်ဂိုးသမား အန်ဒရေ အိုနာနာနေရာအတွက် နေရာပြိုင်ဘက်အဖြစ် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
Photo Credit : Caught Offside
လက်ရှိမှာ အိုနာနာဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဂိုးသမားတစ်ဦး ထပ်မံခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က အက်စတွန် ဗီလာဂိုးသမား အီမီ မာတီနက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လမ်မန်းစ်က သူတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် အရွေးချယ်ခံခဲ့ရတဲ့ လမ်မန်းစ်ဟာ ဘယ်လ်ဂျီယံ ပရိုလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့ သတင်းကြီးနေသူဖြစ်ပါတယ်။ဘယ်လ်ဂျီယံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ လမ်မန်းစ်က မန်ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်နေတာဟာ သူ့ရဲ့ကြိုးစားမှုတွေနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ကြောင်းနဲ့ အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုခေါ်ယူမယ့်အသင်းဟာ သူ့အတွက် ရှင်းလင်းတဲ့ အနာဂတ် အစီအစဉ်တစ်ခု ရှိဖို့လိုအပ်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Centerdevils
“မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်သင်းဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ တခြားကလပ်တစ်ခုခုလည်း ဖြစ်သွားနိုင်တာပဲ။ ဒါမှမဟုတ် ကျွန်တော် ဒီမှာပဲ ဆက်ရှိနေချင်နေမလား။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်တော် ခြေမမြောက်အောင် ကြိုးစားနေပါတယ်။ ဒီလိုအသင်းကြီးတွေက သင့်ကို စိတ်ဝင်စားလာပြီဆိုရင် ဒါဟာ သင်နဲ့ထိုက်တန်လို့ပဲလို့ ကျွန်တော်ထင်ပါတယ်။”
“ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော့်ရဲ့အနာဂတ်အသင်းမှာ ကျွန်တော့်အတွက် ရှင်းလင်းတဲ့အစီအစဉ်တစ်ခု ရှိဖို့ပါပဲ။ အကောင်းဆုံးကတော့ ပြောင်းသွားတာနဲ့ ချက်ချင်းပွဲထွက်ခွင့်ရဖို့ပါပဲ။ ဒါပေမဲ့ ကြားမှာ ခြေတစ်လှမ်းခံပြီးမှ သွားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရှင်းလင်းတဲ့အစီအစဉ်တစ်ခုသာ ရှိနေမယ်ဆိုရင် ကျွန်တော် နောက်တစ်ဆင့်အတွက် အဆင်သင့်ဖြစ်နေလား၊ မဖြစ်နေလားဆိုတာ အရေးမကြီးပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်ကစားသမားဘဝ၊ ကိုယ်ပိုင်လမ်းကြောင်းဆိုတာ ရှိကြတာပဲလေ။” လို့ ဆိုလိုက်ပါတယ်။