လီဗာပူးလ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား လူးဝစ် ဒီယက်ဇ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ တင်းမာတဲ့သဘောထားကို လျှော့ချဖွယ်ရှိနေပြီး ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ယူရိုသန်း(၈၀)အောက် ကမ်းလှမ်းမှုကို လက်ခံတော့မှာဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးတဲ့ ကိုလံဘီယာ လက်ရွေးစင် တောင်ပံကစားသမားးီယက်ဇ်ဟာ ဒီနွေရာသီမှာ အန်ဖီးလ်ကွင်းကနေ ထွက်ခွာချင်နေပြီး သူကိုယ်တိုင်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်ပေမယ့် လက်ရှိမှာ သူအလိုရှိဆုံးအသင်းကတော့ ဘိုင်ယန်မြူးနစ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Photo Credit : Goal
ဒီယက်ဇ်ဟာ စနေနေ့က အာရှခရီးစဉ်ရဲ့ ပထမဆုံး ခြေစမ်းပွဲအဖြစ် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှားီယက်ဇ်ကို ဒါဝင် နူနက်ဇ်နဲ့အတူ လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ လီဗာပူးလ်နည်းပြ အာနေး စလော့က ဒီယက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မရေရာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် သူ့ကို လူစာရင်းမှာ မထည့်သွင်းခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အားကစားသတင်းထောက် ဘန် ဂျေကော့ဘ်စ်ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ဒီယက်ဇ် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို လက်ခံလိုက်ပြီဖြစ်ပြီး သူတို့ရဲ့ မူလတန်ဖိုးဖြစ်တဲ့ ယူရိုသန်း(၈၀)ရဲ့အောက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ သဘောထားကို လျှော့ချလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းရဲ့ အာရှခရီးစဉ် ဒုတိယပိုင်းဖြစ်တဲ့ တိုကျိုမြို့ကိုတော့ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။
Photo Credit : Rousing the Kop
ဘိုင်ယန်မြူးနစ်အသင်းဟာ အစောပိုင်းက ကမ်းလှမ်းခဲ့တဲ့ ယူရို(၆၈)သန်းတန် ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်က ပယ်ချခဲ့ပြီးနောက် ဒီတစ်ကြိမ်မှာတော့ ဒီယက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပုံရပါတယ်။
နည်းပြအာနေး စလော့ရဲ့ လီဗာပူးလ်အသင်းဟာ ဇူလိုင်လ (၃၀)ရက်နေ့မှာ ယိုကိုဟားမား အက်ဖ် မာရင်နို့စ်အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ ကစားဖို့ ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေအရ ဒီယက်ဇ်အနေနဲ့ အဆိုပါပွဲမှာ ပါဝင်ကစားဖွယ်မရှိတော့ဘူးလို့ သုံးသပ်ရပါတယ်။ လီဗာပူးလ်အနေနဲ့ ဒီယက်ဇ်ကိုသာ ရောင်းချပြီးရင် နယူးကာဆယ် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။