နယူးကာဆယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အလက်ဆန်းဒါး အီဆက်ခ်ကို ဒီနွေဈေးကွက်မှာပဲ အသင်းကနေ လက်လွတ်သွားရမယ့် အကြောင်းကိစ္စတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းအတွက် အရေးအကြီးဆုံး တိုက်စစ်ကစားသမားကို ရောင်းမထုတ်ချင်ပေမယ့်လည်း တကယ်လို့ ရောင်းချရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်ကြယ်ပွင့် (၄)ဦးအထိ ပစ်မှတ်ထား ချိန်ရွယ်နေပါတယ်။
ဆွီဒင်လက်ရွေးစင် တိုက်စစ်ကစားသမား အီဆက်ခ်ဟာ ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိကထောက်တိုင် ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၃)ဂိုးအထိ သွင်းယူခဲ့ရင်း အသင်းနဲ့လည်း လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Photo Credit : The Independent
အသက်(၂၅)နှစ်အရွယ် အီဆက်ခ်ဟာ နယူးကာဆယ်နဲ့အတူ (၃)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အသင်းအတွက်လည်း (၆၂)ဂိုးအထိ သွင်းယူပြီးချိန်မှာ နယူးကာဆယ်နဲ့ လက်တွဲဖြုတ်ဖို့ စီစဉ်လာခဲ့ပါတော့တယ်။ အီဆက်ခ်လို အရည်အသွေး မြင့်မားတဲ့ တိုက်စစ်ကစားသမားကို လီဗာပူးလ် အပါအဝင် ချယ်လ်ဆီး အာဆင်နယ်တို့နဲ့ ဘာစီလိုနာအသင်းတို့ကပါ အပြိုင်စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ် အယ်လ်ဟီလာကလည်း အခွင့်အရေး ရမယ်ဆိုရင် အီဆက်ခ်ကို ခေါ်ယူချင်နေပါတယ်။
ဒီအသင်းတွေထဲကမှ လီဗာပူးလ်အသင်းက အီဆက်ခ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံးဖြစ်နေပြီး အီဆက်ခ်ကိုယ်တိုင်ကလည်း ငွေကြေးတွေ မက်လောက်စရာ ရနိုင်မယ့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထက် လီဗာပူးလ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။
Photo Credit : Newcaslte Updates
တကယ်လို့ အီဆက်ခ်ကိုသာ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တော့ နယူးကာဆယ်က အီဆက်ခ်နေရာမှာ အစားထိုးဖို့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို၊ အက်စတွန် ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်၊ ချယ်လ်ဆီးက တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်နဲ့ ဘရန့်ဖို့ဒ်က တိုက်စစ်ကစားသမား ယိုအန် ဝစ်ဆာတို့လို ကစားသမားတွေကို ချိန်ရွှယ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ ဖရန့်ဖတ်က ဟူဂို အီကီတီကီကို ပစ်မှတ်ထားခဲ့ပေမယ့် လီဗာပူးလ်ကပဲ အီကီတီကီကို ခေါ်သွားသလို အီဆက်ခ်ကိုပါ တစ်ခါတည်း ခေါ်ယူနိုင်ဖွယ် ရှိနေတာကြောင့် အီဆက်ခ်သာ ပါသွားမယ်ဆိုရင် အနည်းဆုံး တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူရနိုင်ပါတယ်။ လက်ရှိအချိန်ထိတော့ နယူးကာဆယ်ဟာ ညာတောင်ပံတိုက်စစ်ကစားသမား အန်တိုနီ အီလန်ဂါနဲ့ ဘယ်တောင်ပံကစားသမား ကော်ဒီယိုတို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။