ချယ်လ်ဆီးအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ကလပ်အသင်းနှစ်ကြားမှာ လိုက်ပ်ဇစ် ကြယ်ပွင့်ကစားသမားလေး ဇာဗီ ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်လို့နေပြီး အခုဆိုရင် ဒီဆွေးနွေးမှုက အလွန်တိုးတက်ကောင်းမွန်တဲ့ အဆင့်မျိုးမှာ ရှိနေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက်တွေက ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီနွေမှာ ဂျာအို ပတ်ဒရို ၊ လီယန် ဒီလက်ပ် ၊ ဂျင်မီ ဂစ်တန်စ် ၊ ဒါရီယို အက်စ်ဆူဂိုတို့လို ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားသလို ပါးလ်မီးရပ်စ်က ဘရာဇီးလ်ကြယ်ပွင့်လေး အက်စတီဗာအိုကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ ချယ်လ်ဆီးအသင်းနဲ့ စတင် ပူးပေါင်းသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Football FanCast

ဂျာအို ပတ်ဒရို ၊ ဒီလက်ပ် ၊ အက်စတီဗာအိုတို့လို တိုက်စစ်ကစားသမားတွေနဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းက ပိုပြီးတော့ အားကောင်းလာခဲ့ရသလို ကလပ်ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း ချယ်လ်ဆီးဘက်က တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုကို ဆက်လက် လုပ်ဆောင်နေပြီး လက်ရှိမှာတော့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ အခြေအနေ အလွန်ကောင်းနေရပါတယ်။

အသက်(၂၂)အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဇာဗီ ဆိုင်မွန်စ်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်ပြီး ထိပ်တန်း ကလပ်အသင်းတိုင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိနေသူ ဖြစ်ပါတယ်။ ဒီနွေမှာတော့ ဆိုင်မွန်စ်က ဥရောပဝင်ခွင့် မရထားတဲ့ လိုက်ပ်ဇစ်ကနေ ထွက်ခွာချင်နေပြီး ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့လည်း ဆန္ဒရှိနေပါတယ်။

Photo Credit : talkSPORT

ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ဖြစ်သလို ပီအက်စ်ဂျီနဲ့ ပီအက်စ်ဗွီအသင်းတွေမှာလည်း ပါဝင်ခဲ့ဖူးတဲ့ ဆိုင်မွန်စ်ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ချယ်လ်ဆီးအသင်းရဲ့ ပရောဂျက်တွေကို ပိုမို သဘောကျလို့ ချယ်လ်ဆီးကို ရွေးချယ်ဖို့ မီးစိမ်းပြထားချိန် ချယ်လ်ဆီးဘက်ကလည်း ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးမှုတွေ အရှိန်တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဆိုင်မွန်စ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနဲ့ လိုက်ပ်ဇစ် အသင်းနှစ်သင်းတို့ကြား ဆွေးနွေးမှုတွေက တိုးတက်ကောင်းမွန်နေသလို အပြောင်းအရွှေ့ အထမြောက်နိုင်ဖို့ ကိစ္စရပ်တွေ ကျန်ရှိနေသေးပေမယ့်လည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။