အာဆင်နယ်အသင်းကတော့ ဒီနွေမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ အားကောင်းမောင်းသန် လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း အသင်းအတွက် အလိုရှိနေတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူမှု ပြီးဆုံးတာနဲ့ ခရစ္စတယ် ပဲလေ့စ်က အက်ဘယ်ရာ အက်ဇီးကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားတော့မှာပဲ ဖြစ်ပါတယ်။

ဘောလုံးရာသီ (၃)ရာသီဆက်တိုက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာနဲ့ပဲ ကျေနပ်နေရသလို ဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေရတာဆိုရင်လည်း (၅)ရာသီအထိတောင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ အာဆင်နယ်က လာမယ့် ၂၀၂၅-၂၀၂၆ ရာသီသစ်အတွက် အားကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit : Football Transfer

လက်ရှိမှာဆိုရင် အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးက တောင်ပံကစားသမား မာဒူအက်ကေးနဲ့ ဂိုးသမား ကယ်ပါ ၊ ဘရန့်ဖို့ဒ်က ကွင်းလယ်လူ နော်ဂတ်ဒ် ၊ ဆိုစီဒက်က ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ ၊ ဗလင်စီယာက နောက်ခံကစားသမား မော်စကွဲယားတို့ကို ခေါ်ယူခဲ့ပြီး မကြာခင်မှာပဲ စပို့တင်း လစ္စဘွန်းက တိုက်စစ်မှူး ယိုကယ်ရက်စ်ကိုပါ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဂိုးသမားနေရာ နောက်ခံနေရာ ကွင်းလယ်နေရာ တောင်ပံနေရာနဲ့ အသင်းအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အထောင်တိုက်စစ်နေရာအထိပါ အားဖြည့်မှုတွေ အမှန်အကန် လုပ်ဆောင်ထားနိုင်ပေမယ့်လည်း ဒီနွေအတွက် ကစားသမားသစ် ခေါ်ယူမှုကို အဆုံးသတ်ဦးမှာ မဟုတ်ဘဲ အက်ဇီးကို ခေါ်ယူဖို့ အသေအချာ ချိန်ရွယ်လာပါတော့တယ်။

Photo Credit : TEAMtalk

အသက်(၂၇)နှစ်အရွယ် အင်္ဂလန်ကစားသမား အက်ဇီးဟာ ပဲလေ့စ်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပြီး ပဲလေ့စ်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားဖြစ်တဲ့ အက်ဖ်အေဖလား ရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အက်ဇီးဟာ ပဲလေ့စ်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ပေါင်သန်း(၆၀)တန် စာချုပ်ဖျက်သိမ်းကြေးလည်း ရှိလို့နေပါတယ်။

အာဆင်နယ်က ကစားသမားသစ် (၆)ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နီးပါး အသုံးပြုထားခဲ့ပြီဖြစ်ပေမယ့်လည်း အက်ဇီးကို ထပ်မံ ခေါ်ယူဖို့က အသင်းမှာ ဘဏ္ဍာရေး အခက်အခဲ ရှိနေမှာ မဟုတ်တာကြောင့် ကစားသမားအတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးအတိုင်းနဲ့သာ ကမ်းလှမ်းမှု လုပ်ဆောင်သွားဖို့ ရှိနိုင်ပါတယ်။