ချယ်လ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ဆုပေးပွဲအခမ်းအနားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် သေမလောက်ကြောက်ခဲ့ရတယ်လို့ နောက်ခံလူ မာ့ခ် ကူကူရယ်လာက ဖွင့်ဟပြောကြားလိုက်ပါတယ်။ ချယ်လ်ဆီးကစားသမားတွေဟာ ဆုဖလားမကိုင်မြှောက်ခင်မှာ ဒေါ်နယ်ထရမ့် ထွက်သွားဖို့ကို စောင့်ဆိုင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။
ချယ်လ်ဆီးအသင်းဟာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ရှိ MetLife အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူပြီး ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
Photo Credit : The Telegraph
ဒီပွဲကို ဖီဖာဥက္ကဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ ဖိတ်ကြားမှုနဲ့ တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပွဲအပြီးမှာ ဆုတံဆိပ်တွေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားကြီးကို ချီးမြှင့်ပေးအပ်ဖို့ တာဝန်ယူခဲ့ပါတယ်။ သူဟာ အသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ်ကို ဆုဖလားကြီး ပေးအပ်ချိန် မျက်နှာမှာ အပြုံးကျယ်ကြီးနဲ့ ရှိနေခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းခေါင်းဆောင်က အဲ့ဒီအချိန်မှာ ထရမ့်ဟာ ဘေးကိုရှောင်ထွက်သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သူဟာ နေရာကနေမခွာဘဲ အောင်ပွဲခံနေတဲ့ အုပ်စုထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ ကိုးလ် ပါးလ်မားကလည်း သမ္မတရဲ့ အပြုအမူတွေကြောင့် သူ အတော်လေး ခေါင်းရှုပ်သွားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့သူတွေထဲမှာ ပါဝင်ပါတယ်။
Photo Credit : Metro
ကူကူရယ်လာကလည်း ဒီအမြင်ကို ထပ်တူထောက်ခံခဲ့ပြီး စပိန်လက်ရွေးစင်နောက်ခံလူက Jijantes FC ကို ယခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ကို စည်းကမ်းအရ ဒေါ်နယ်ထရမ့်က ဆုဖလားလာပေးမယ်။ ပြီးတော့ သူ မထွက်သွားမချင်း ကျွန်တော်တို့ ဆုဖလားကို ကိုင်မြှောက်လို့မရဘူးလို့ ပြောထားခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့အားလုံး သူထွက်သွားဖို့ကို စောင့်နေကြတာပေါ့။ ဒါပေမဲ့ အဲ့ဒီလူကြီးက ထွက်မသွားချင်ဘူး။ ဒါ့အပြင် ကျွန်တော်တို့က သူ့ကိုကြည့်လိုက်တော့ သူက ‘ကိုင်မြှောက်လိုက်လေ ငါ ဒီမှာပဲနေမယ်ဆိုတဲ့ပုံစံမျိုးနဲ့။ အဲ့ဒီတော့ ဘယ်သူက သူ့ကို ဘာမှသွားပြောရဲတော့မလဲ။ ကျွန်တော်ဖြင့် သေမလောက်ကြောက်နေခဲ့တာ။” လို့ ဖွင့်ဟခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီမှာ ကွန်းဖရန့်စ်လိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်လေးအတွင်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဩဂုတ်လ(၁၇)ရက်နေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ပြည်တွင်းရာသီသစ်ကို မဖွင့်လှစ်မီ ခြေစမ်းပွဲနှစ်ပွဲ ကစားဖို့ အစီအစဉ်ရှိနေပါတယ်။