ချယ်လ်ဆီး တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်ဟာ ဒီနွေရာသီမှာ အသင်းက တိုက်စစ်မှူးအသစ်နှစ်ဦး ခေါ်ယူခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်ကို စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဆီငနေ စိတ်ဝင်စားခံနေရတဲ့ကြားကပဲ တခြား ကလပ်အသင်းနှစ်သင်းရဲ့ ကမ်းလှမ်းမှုတွေကိုပါ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားလိုတဲ့အတွက် အီတလီကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ရာ ဒါဟာ မန်ယူနိုက်တက်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဂျက်ဆင်ရဲ့ ချယ်လ်ဆီးအနာဂတ်ဟာ အသင်းက ဘရိုက်တန်က ဂျာအို ပက်ဒရိုနဲ့ အစ်ပ်ဆွစ်ချ်က လီယမ် ဒီလပ်တို့ကို ခေါ်ယူခဲ့ပြီးနောက်မှာ သံသယတွေ ဝင်လာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးသစ်နှစ်ဦးစလုံးဟာ ချယ်လ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုမှာ ခြေစွမ်းပြခဲ့ကြတာကြောင့် ဂျက်ဆင်ဟာ သူ့ရဲ့အနာဂတ်အတွက် စတင်စဉ်းစားနေပြီဖြစ်ပါတယ်။

Photo Credit : Goal

သိရှိထားရတဲ့ သတင်းတွေအရ ဂျက်ဆင်ရဲ့ ကိုယ်စားလှယ်တွေဟာ ဒီနွေရာသီမှာ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စိတ်ဝင်စားမှုကို စတင်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ နည်းပြရူဘင် အမိုရင်က အသင်းတိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းရဲ့ ခြေစွမ်းကို ယုံကြည်မှုမရှိတာကြောင့် တိုက်စစ်မှူးတစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေနေပါတယ်။

ဒိန်းမတ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၅၂)ပွဲမှာ (၁၀)ဂိုးသာ သွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အရင်ကစားခဲ့ဖူးတဲ့ အတ္တလန်တာအသင်းရှိရာ စီးရီးအေကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ခြေတွေ ပေါ်ထွက်လာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဟာ ဝုလ်ဗ်အသင်းက မားတီးယပ်စ် ကွန်ညာကို ပေါင် (၆၂.၅)သန်း ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမိုကို ပေါင်(၇၁)သန်းတို့နဲ့ ခေါ်ယူထားပြီးဖြစ်ပေမယ့် အထောင်တိုက်စစ်မှူးစစ်စစ်တစ်ဦးကို လိုအပ်နေဆဲဖြစ်ပါတယ်။ သူတို့ဟာ ဂျက်ဆင်ရဲ့အေးဂျင့် အလီ ဘာရတ်နဲ့ စတင်ဆွေးနွေးနေပြီး ချယ်လ်ဆီးဘက်ကလည်း သင့်တော်တဲ့ဈေးနှုန်းရရင် ရောင်းချဖို့ အဆင်သင့်ရှိနေပါတယ်။

The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျက်ဆင်ဟာ နာပိုလီနဲ့ အေစီမီလန်အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကနေ စီးရီးအေကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့မှာတော့ အခြားသော အတားအဆီးတစ်ခု ရှိနေပါတယ်။ ချယ်လ်ဆီးက ဂျက်ဆင်ကို ရောင်းချဖို့ ဆန္ဒရှိပေမယ့် ဂျက်ဆင်အတွက် ပေါင်သန်း(၈၀)ဝန်းကျင် ဈေးသတ်မှတ်ထားရာ ဒါဟာ ယူနိုက်တက်အတွက် ပေးချေဖို့ ခက်ခဲတဲ့ ဈေးနှုန်းတစ်ခုဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် လုံးဝမရရှိထားတာကြောင့် သူတို့ရဲ့ ဘဏ္ဍာရေးကို ပြင်းထန်စွာ ထိခိုက်စေပြီး ဂျက်ဆင်ရဲ့ ပြောင်းရွှေ့ကြေးဟာ သူတို့အတွက် လက်လှမ်းမမီနိုင်တဲ့ ဈေးနှုန်းတစ်ခု ဖြစ်နေနိုင်ပါတယ်။