မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း မေဆင် ဂရင်းဝုဒ်ကို ပြင်သစ်ကလပ် မာဆေးလ်အသင်းထံမှ ခေါ်ယူဖို့ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက စဉ်းစားနေတာကြောင့် သူ့အနေနဲ့ စပိန်မြေကို တစ်ကျော့ပြန် ရောက်ရှိလာဖို့ ရှိနေပါတယ်။

စပိန်သတင်းဝက်ဘ်ဆိုက် Fichajes ရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းဟာ မာဆေးလ်တိုက်စစ်ကစားသမား ဂရင်းဝုဒ်အတွက် ကုန်ကျစရိတ်တွေကို တွက်ချက်စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်ကမှ လီဂူးဝမ်းကလပ်နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် ပြိုင်ပွဲစုံ (၃၆)ပွဲမှာ (၂၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အောင်မြင်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးနောက် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

Photo Credit : Goal

၂၀၂၃-၂၄ ရာသီတုန်းက ဂီတာဖေးအသင်းမှာ တစ်ရာသီအငှားနဲ့ ကစားခဲ့ဖူးတဲ့ စပိန်မြေမှာ သူ့ရဲ့အတွေ့အကြုံတွေကြောင့် အက်သလက်တီကိုအတွက် ဆွဲဆောင်မှုရှိတဲ့ ပစ်မှတ်တစ်ခု ဖြစ်စေတယ်လို့ ယုံကြည်ရပါတယ်။

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး လိုင်လီအသင်းကနေ အင်္ဂလန်လက်ရွေးစင် အန်ဂျယ် ဂိုးမက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်အောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ သူ့အနေနဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း ပီယား အမ်းမရစ် အူဘာမီယန်နဲ့လည်း အသင်းဖော် ဖြစ်လာနိုင်ပြီး အူဘာမီယန်ဟာလည်း မာဆေးလ်အသင်းဆီ ပြန်လာဖို့က သေချာနေပြီ ဖြစ်ပါတယ်။

Photo Credit : Goal

တစ်ဖက်မှာလည်း အက်သလက်တီကိုအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်များနေခဲ့ပါတယ်။ ဒီလထဲမှာပဲ မက်တီယို ရူဂယ်ရီ၊ အဲလက်စ် ဘိုင်နာ၊ ဂျော်နီ ကာဒိုဆိုနဲ့ တီယာဂို အယ်လ်မာဒါတို့ကို ခေါ်ယူခဲ့ပြီး ဇွန်လတုန်းကလည်း အငှားကစားသမားတွေဖြစ်တဲ့ ကလီမန့် လန်းဂတ်နဲ့ ဟွမ် မူဆိုတို့ကို အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဆီဇာ အက်ဇ်ပီလီကွေတာနဲ့ အက်ဆဲလ် ဗစ်ဆယ်တို့ကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့သလို ရိုဒရီဂို ရီကယ်လ်မေးနဲ့ အန်ဟယ်လ် ကော်ရီယာတို့လည်း ထွက်ခွာသွားခဲ့ပြီး ဖြစ်ပါတယ်။

မာဆေးလ်အသင်းကတော့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ပီအက်စ်ဂျီအသင်းကို စိန်ခေါ်ပြီး လီဂူးဝမ်းချန်ပီယံဆုကို ရယူဖို့ မျှော်လင့်နေပြီး သူတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ဘက်တွေကိုတော့ ဩဂုတ်လနှောင်းပိုင်းမှာ သိရှိရမှာ ဖြစ်ပါတယ်။