မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် လစာငွေပမာဏ အများအပြားကို လျှော့ယူပြီး အငှားစာချုပ်နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ကတ်တလန်ဘီလူးကြီးတွေဟာ ယူနိုက်တက် တိုက်စစ်မှူးကို ဒီနွေရာသီမှာ တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အဆင့်မြင့်တက်နေပြီး အပြောင်းအရွှေ့ဟာ လာမယ့်အပတ်အစမှာပဲ အပြီးသတ်ဖွယ် ရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်ရဲ့ အိုးထရက်ဖို့ဒ်က အိပ်မက်ဆိုးတွေလည်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
Photo Credit : BBC
The Athletic သတင်းဌာနရဲ့ စနေနေ့က ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဘယ်တောင်ပံမှာ ကစားနိုင်တဲ့ တိုက်စစ်ကစားသမားတစ်ဦးနဲ့ အသင်းကို အင်အားဖြည့်တင်းလိုတာကြောင့် ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ နည်းပြ ဟန်ဆီဖလစ်ကိုယ်တိုင် အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာမှ အသင်းကို ခေါ်ယူဖို့အတွက် မီးစိမ်းပြခဲ့တာလို့လည်း သိရပါတယ်။
စပိန်သတင်းစာ Mundo Deportivo ကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်အသေးစိတ်ကို ဖော်ပြခဲ့ရာမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားအတွက် လစာငွေ သိသိသာသာ လျှော့ချမှုတစ်ခု ပါဝင်နေပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီ အငှားစာချုပ်ကုန်ဆုံးချိန်မှာ ကစားသမားကို အပြီးသတ် ဝယ်ယူရမယ်ဆိုတဲ့ အချက်မပါဝင်ပါဘူး။
Photo Credit : Football Transfer
တကယ်လို့ အပြီးသတ် ခေါ်ယူချင်တယ်ဆိုရင်တောင် ယူရိုသန်း(၃၀)သာ ပေးချေရမှာ ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိလစာရဲ့ (၂၅)% ကို လျှော့ယူခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ရဲ့လက်ရှိလစာအပြည့်နဲ့ မှတ်ပုံတင်နိုင်ခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင် အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အက်စတွန် ဗီလာအသင်းကို ရာသီဝက် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး နည်းပြ အူနိုင်း အမ်မရီရဲ့အသင်းအတွက် (၁၇)ပွဲ ပါဝင်ကစားပေးခဲ့ကာ သူ့ရဲ့ကစားသမားဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်တင်နိုင်ခဲ့ပါတယ်။ ရပအ်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ ဒါမှမဟုတ် တနင်္လာနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အင်္ဂါနေ့ ဇူလိုင်လ (၂၂)ရက်နေ့မှာတော့ ဘာစီလိုနာ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။