မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ခြေ ပိုများလာရပြီး ဂျူဗင်တပ်စ်ကလည်း ယူနိုက်တက်မှာ မျက်နှာသာမရတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ဝင်လာခဲ့ပြီလို့ သတင်းတွေက ဖော်ပြလာခဲ့သလို ဂျူဗင်တပ်စ်ဟာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စတင်စုံစမ်းနေပြီလို့ ဒီမာဇီယိုက ဖော်ပြခဲ့ပါတယ်။
ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်က ဒီသီတင်းပတ်အတွင်း ကစားသမားနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာက ရပ်ရှ်ဖို့ဒ် အပြောင်းချင်းဆုံး ကလပ်အသင်း ဖြစ်သလို ရပ်ရှ်ဖို့ဒ်ကိုလည်း ဆက်လက် စိတ်ဝင်စားနေဆဲ ဖြစ်ပေမဲ့လည်း အခုထိတော့ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။
Photo Credit : Goal
အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင် အမ်မိုရမ်နဲ့ ပြဿနာဖြစ်ပြီးနောက် မန်ယူနိုက်တက်မှာ သူ့ရဲ့ အဆင့်အတန်း ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ လက်ကျန် ရာသီဝက်မှာ ဗီလာအသင်းဆီ အငှားနဲ့ ကစားခဲ့ပြီး ပရီးမီးယားလိဂ် (၁၀)ပွဲမှာ (၂)ဂိုးသွင်းယူကာ (၃)ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်ရဲ့ လစာကို လျှော့ချဖို့အတွက် ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၂၈ ခုနှစ်အထိ တစ်ပတ်ကို ပေါင်(၃၀၀၀၀၀) စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် သူဟာ လက်ခံမယ့်သူ နည်းပါးတဲ့ ကုန်ကျစရိတ်ကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရှိနေပါသေးတယ်။
ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်ရဲ့ အိပ်မက်ပစ်မှတ်ဖြစ်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ငွေကြေးအခက်အခဲတွေနဲ့ မဟာဗျူဟာမြောက် ဦးစားပေးမှုတွေကြောင့် တိကျတဲ့ ပြောင်းရွှေ့မှုတွေ နှောင့်နှေးခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဖီနာဘာချီ နည်းပြ ဂျိုဆေး မော်ရင်ဟိုက သူ့ကို ပြန်လည်ပေါင်းစည်းဖို့ တွန်းအားပေးနေပြီး တူရကီကလပ်က မန်ယူနိုက်တက်ရဲ့ တောင်းဆိုကြေး ပေါင်သန်း(၄၀)ကို ပေးချေဖို့ ဆန္ဒရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်အဖွဲ့ကတော့ ချန်ပီယံလိဂ် ကစားချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဗီလာကို ပြန်သွားဖို့ ဒါမှမဟုတ် ကစားသမားအလဲအလှယ် စာချုပ်တွေမှာ ပါဝင်ဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။
Photo Credit : Sky Sports
ဂျူဗင်တပ်စ်အနေနဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ လစာတောင်းဆိုမှုတွေကို ပြည့်မီစေမယ့် စာချုပ် (အငှားနဲ့ ဝယ်ယူခွင့်ပါဝင်တဲ့ စာချုပ်) အတွက် ဘဏ္ဍာရေးအခြေအနေကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာကလည်း ဝင်ရောက်လာနိုင်ပေမဲ့ လက်ခံနိုင်တဲ့ သဘောတူညီမှုတစ်ခုကို ဖော်ဆောင်ဖို့ အချိန်က ကုန်လုနီးပါး ဖြစ်နေပါပြီ။
မန်ယူနိုက်တက်က ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အသင့်ဖြစ်နေတာကြောင့် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ကစားသမားဘဝကို စီးရီးအေ လာလီဂါ ဒါမှမဟုတ် တခြားလိဂ်တွေမှာ ပြန်လည် စတင်နိုင်မလားဆိုတာ ဆုံးဖြတ်နိုင်ဖွယ်ရှိနေပါတယ်။