ပေါ်တူဂီနိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ စပို့တင်း လစ္စဘွန်းအသင်းကနေ အာဆင်နယ်ကို ဗစ်တာ ယိုကီရက်စ် ပြောင်းရွှေ့ဖို့ ကာလရှည်ကြာ ရေပန်းစားနေတဲ့ အပြောင်းအရွှေ့ဟာ လုံးဝပျက်ပြယ်သွားနိုင်ခြေရှိနေပြီ လို့ ဖော်ပြပါတယ်။

ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ ဒီနွေရာသီရဲ့ အကြာဆုံး အပြောင်းအရွှေ့သတင်းကိစ္စဟာ ပြေလည်မယ့် လက္ခဏာ မပြသေးပါဘူး။ အာဆင်နယ် စပို့တင်းနဲ့ ယိုကီရက်စ်ရဲ့ ကိုယ်စားလှယ်တွေဟာ ကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)အပြင် အပိုဆုကြေး ယူရို(၁၀)သန်းကို သဘောတူညီခဲ့ကြပေမဲ့ အပိုဆုကြေးနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကိုတော့ အပြီးသတ် ညှိနှိုင်းနိုင်ခြင်းမရှိသေးပါဘူး။

Photo Credit : The Sun

စပို့တင်းက အဲဒီအပိုဆုကြေး သတ်မှတ်ချက်တွေကို အလွယ်တကူ ရရှိနိုင်ဖို့ တောင်းဆိုခဲ့ပြီး အာဆင်နယ်ကတော့ ဒီတောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ A Bola သတင်းစာရဲ့ ဖော်ပြချက်အရ အပိုဆုကြေးထဲက ယူရို(၃)သန်းကိုသာ ရောင်းချတဲ့ကလပ်က အလွယ်တကူ ရနိုင်တယ်လို့ ယူဆထားပါတယ်။

ဒီမကိုက်ညီမှုက အပြောင်းအရွှေ့ကို ပျက်ပြယ်လုနီးပါး ဖြစ်စေဖို့ လုံလောက်နေတယ်လို့ ဆိုပါတယ်။ Record သတင်းစာရဲ့ ဖော်ပြချက်အရ ယိုကီရက်စ်နဲ့ သူ့ရဲ့ အေးဂျင့် ဟာဆန် စက်တင်ကာယာတို့ဟာ ဒီအပြောင်းအရွှေ့ကို ဆက်လက်အသက်ဝင်စေဖို့အတွက် လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။

Photo Credit : Record

ယိုကီရက်စ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို မရောက်ခင်က ဥရောပရဲ့ အကျော်ကြားဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ကို ခေါ်ယူဖို့ အခိုင်အမာ ဆန္ဒရှိတဲ့ ကလပ်တွေက အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ပဲ ရှိတယ်ဆိုတာ ချက်ချင်းသိသာလာခဲ့ပါတယ်။ အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ ဦးဆောင်လာခဲ့တာနဲ့အမျှ ဆွီဒင်ကစားသမားရဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပိုများလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက သူ့ရဲ့ စွမ်းရည်တွေကို ယုံကြည်မှုရှိနေဆဲဖြစ်ပြီး မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ဟယ်ရီ ကိန်း၊ ရောဘတ် လီဝန်ဒေါ့စကီးနဲ့ အာလင်း ဟာလန်းတို့လို ကစားသမားတွေနဲ့ ထိပ်တန်းအဆင့်မှာ သူပါဝင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် ယိုကီရက်စ်ဟာ ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့ တွန်းအားပေးနေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူဟာ စပို့တင်းရဲ့ ရာသီကြို လေ့ကျင့်ရေးကို ပြန်လာဖို့ ငြင်းဆိုခဲ့ပြီး ဒီအပြောင်းအရွှေ့ဖြစ်မြောက်စေလိုတဲ့ သူ့ရဲ့ ဆန္ဒကို ပြသခဲ့ပါတယ်။ ဒီအချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် သူ့ရဲ့ လက်ရှိကလပ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကလပ်တို့ကြား ညှိနှိုင်းမှုတွေကို အရှိန်မြှင့်တင်ဖို့အတွက် လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်လာနိုင်ခြေ အတော်လေး များပါတယ်။