ပရီးမီးယားလိဂ်ရာသီ စတင်ဖို့ နီးကပ်လာတာနဲ့အမျှ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူးအသစ် ရှာဖွေမှုတွေကို အရှိန်မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် အသင်းကို ဦးဆောင်ပေးနိုင်မယ့် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လီဗာပူးလ်က ရှာဖွေနေပါတယ်။

အလက်ဇန်းဒါး အီဆက်ခ်ဟာ လီဗာပူးလ်ရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေဆဲပေမဲ့ နယူးကာဆယ်ကတော့ သူတို့ရဲ့ ဆွီဒင်ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ဒီအပြောင်းအရွှေ့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် လီဗာပူးလ်ဟာ တခြားရွေးချယ်စရာတွေဘက်ကို လှည့်ရနိုင်ပါတယ်။ ဟူဂို အီကီတီကီနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ပေမဲ့ ဖရန့်ဖတ်တိုက်စစ်မှူးဟာလည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးရှိပါတယ်။

Photo Credit : SportsView

ဒီနွေရာသီမှာ ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို တစ်ကြိမ်ချိုးခဲ့ပြီးဖြစ်တဲ့ လီဗာပူးလ်ဟာ ပိုမိုသက်သာတဲ့ ရွေးချယ်စရာတွေကို စတင်ရှာဖွေလာနိုင်ပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရမှာတော့ လီဗာပူးလ်ဟာ ခရစ္စတယ်လ် ပဲလေ့စ်အသင်းက တိုက်စစ်မှူး ဂျန်-ဖိလစ်ပီ မာတေတာနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မာတေတာဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး (၇၂)ပွဲ ကစားခဲ့ရာမှာ ဂိုး(၃၀)အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြင်သစ်နာမည်ကျော် Foot Mercato သတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူးလ်က မာတေတာရဲ့ ခြေစွမ်းတွေကို အများကြီး သဘောကျခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit : Goal

သူတို့ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ အသက်(၂၈)နှစ်အရွယ် မာတေတာကို ခရစ္စတယ်လ် ပဲလေ့စ်ကနေ ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး၊ မာတီတာ သူ့ရဲ့ အေးဂျင့်နဲ့ လီဗာပူးလ်တို့ကြား ပါရီမှာ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ပြင်သစ်သားကစားသမားဟာ လီဗာပူးလ်က စဉ်းစားနေတဲ့ တခြားတိုက်စစ်မှူးပစ်မှတ်တွေထက် ပိုမိုသက်သာတဲ့ ဈေးနှုန်းရှိလိမ့်မယ်လို့ ဆိုပါတယ်။

သတင်းဌာနက ပေါင်(၄၃)သန်းကို ပြောဆိုခဲ့ပေမဲ့ ပေါင်(၅၂)သန်းလောက် ပိုမိုလက်တွေ့ကျနိုင်တယ်လို့လည်း သူတို့က ဝန်ခံခဲ့ပါတယ်။ ပဲလေ့စ်ဘက်ကလည်း မာတီတာကို ရောင်းချဖို့ စိတ်ဝင်စားနိုင်ဖွယ်ရှိပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မာတေတာဟာ လီဗာပူးလ်ရဲ့ ပုံမှန် နံပါတ်(၉) ကစားသမားဖြစ်ဖို့ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်နိုင်ပေမဲ့ လီဗာပူးလ်အသင်းအတွက် စိတ်လှုပ်ရှားစရာ ကစားသမားတစ်ဦးတော့ သေချာပါတယ်။