မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေဆဲ ဖြစ်သလိုကစားသမားကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး သူ့ရဲ့ လူမှုကွန်ရက် လှုပ်ရှားမှုတွေကလည်း အဲ့ဒါကို ဖုံးကွယ်မထားပါဘူး။
ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား အမ်ဘူမိုဟာ မန်ချက်စတာ ယူနိုက်တက် လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ အတည်ပြုခဲ့တဲ့ လန်နီ ယိုရိုရဲ့ Instagram ပိုစ့်ကို Like လုပ်ခဲ့ပါတယ်။ ဒါဟာ မန်ယူကို ပြောင်းရွှေ့ဖို့ သူစိတ်ဝင်စားကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ အရိပ်အမြွက်တစ်ခုပါပဲ။
Photo Credit : X
မန်ယူက အမ်ဘူမိုအတွက် ကမ်းလှမ်းမှုများစွာ ပြုလုပ်ခဲ့ပေမဲ့ ဘရန့်ဖို့ဒ်က ပေါင်သန်း(၆၀)ကျော် တန်ဖိုးသတ်မှတ်ထားတာကို ခိုင်မာစွာ ကိုင်စွဲထားတာကြောင့် အကြိမ်ကြိမ် ပယ်ချခံခဲ့ရပါတယ်။ အမ်ဘူမိုဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပေမဲ့ အခုထိတော့ ဘယ်လိုသဘောတူညီမှုမှ မရရှိသေးပါဘူး။
အမ်ဘူမိုဟာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းဆီ ပြောင်းရွှေ့ပြီး အခွင့်အရေးယူလိုတဲ့ သူ့ရဲ့ဆန္ဒကို လျှို့ဝှက်မထားပါဘူး။ ယူနိုက်တက်အသင်းရဲ့ လိဂ်ဇယားအဆင့်ကို ပြန်တက်နိုင်ဖို့အတွက် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာပါ။ အမ်ဘူမိုရဲ့ နောက်ဆုံး Instagram လှုပ်ရှားမှုကတော့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒကို ထပ်မံအတည်ပြုလိုက်သလိုပါပဲ။
Photo Credit : TEAMtalk
ယိုရိုနဲ့ အရင်က အသင်းဖော်အဖြစ် ပါဝင်ပတ်သက်မှု မရှိခဲ့ပေမဲ့လည်း ယိုရိုရဲ့ ပိုစ့်ကို အမ်ဘူမိုက Like လုပ်ခဲ့ပါတယ်။ ယိုရိုဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ဒဏ်ရာရခဲ့ပေမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ကစားနိုင်ခဲ့ပြီး အခုတော့ မန်ချက်စတာမှာ ပရီးရာသီကြို လေ့ကျင့်ရေးတွေ ပြန်လည်ဆင်းနေပါပြီ။ ပြင်သစ်နောက်ခံကစားသမား ယိုရိုဟာ သူ့ရဲ့ လေ့ကျင့်ခန်းပုံနဲ့အတူ “ReUnited” လို့ ရေးသားထားတဲ့ ပိုစ့်တစ်ခုကို တင်ခဲ့ရာမှာ အမ်ဘူမိုက Like လုပ်ခဲ့သူတွေထဲ ပါဝင်ခဲ့ပါတယ်။ လက်ရှိ အိုးလ်ထရက်ဖို့ဒ် ကြယ်ပွင့်တွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဒီယိုဂို ဒါးလော့တို့လည်း Like လုပ်ခဲ့ကြပါတယ်။
တကယ်လို့ အမ်ဘီယူမို မန်ယူကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် တစ်ပတ်ကို ပေါင်(၂)သိန်းကျော် ရရှိမှာဖြစ်လို့ လစာပိုင်းမှာ သိသိသာသာ တိုးမြှင့်ရရှိမှာပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုက ပြဿနာရှိမှာ မဟုတ်ဘဲ အခုတော့ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုအပေါ် မူတည်နေပါပြီ။ ဒါပေမဲ့ မန်ယူနိုက်တက်အသင်းဟာ တတိယအကြိမ် ကမ်းလှမ်းမှုကို အခုထိ ပြန်မလုပ်ထားသေးပါဘူး။