ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက် ပီအက်စ်ဂျီအသင်းကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားမှုများကို လုံးဝဂရုမစိုက်ကြောင်းနဲ့ ပြိုင်ဘက်ကို ရင်ဘောင်တန်းကစားသွားဖို့ အသင့်ဖြစ်နေပြီလို့ ရဲရဲဝံ့ဝံ့ ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခြားအသင်းများထက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို ရင်ဆိုင်ခဲ့ရာမှာပင် ဘောလုံးပိုင်ဆိုင်မှု (၆၉)ရာခိုင်နှုန်းအထိတောင် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းကတော့ အဲ့ဒီအခြေအနေကို စိန်ခေါ်သွားရဖို့ ရည်ရွယ်ထားပါတယ်။

Photo Credit : Opta Analyst

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက နယူးဂျာစီမှာ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီအချိန် ကစားရမယ့် ဗိုလ်လုပွဲရဲ့ ပူပြင်းစိုစွတ်တဲ့ ရာသီဥတုဟာ ပီအက်စ်ဂျီကို ပွဲအစအဆုံး စိတ်ကြိုက်ကစားခွင့်ပေးထားပါက အသင်းအတွက် ပိုမိုခက်ခဲစေလိမ့်မည်ဟု သုံးသပ်ထားကြပါတယ်။

ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စကာကလည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သူရဲ့အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ ဒုက္ခခံကစားရဖို့ ပြင်ဆင်ထားသင့်သလားလို့ မေးမြန်းခံရချိန်မှာ စိတ်ပျက်မိတဲ့ပုံစံမျိုး ပြသခဲ့သလိုု အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကလည်း “ဒါက ထိပ်တန်းအဆင့် ပွဲတစ်ပွဲပါ။ သူတို့ (ပီအက်စ်ဂျီ) က အခုအချိန်မှာ ကမ္ဘာ့ခြေစွမ်းအကောင်းဆုံး အသင်းတွေထဲက တစ်သင်းပေါ့။ ဒါက ဗိုလ်လုပွဲဖြစ်ပြီး ရှုံးထွက်တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးမှာပါ။”

Photo Credit : BBC

“သူတို့ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗိုလ်လုပွဲတွေမှာ ရေပန်းစားတဲ့အသင်းဘက်က ကစားခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါကြောင့် ဒီလိုသတ်မှတ်ချက်တွေက ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်မှမရှိပါဘူး။ လူတိုင်းက ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကို အမွှမ်းတင်နေကြတာကိုလည်း ရိုးရိုးသားသားပြောရရင် ကျွန်တော်ဂရုမစိုက်ပါဘူး”

“ပီအက်စ်ဂျီက အင်္ဂလန်အသင်းတွေအားလုံးကို အနိုင်ကစားထားပါတယ်။ သူတို့မှာ အံ့အားသင့်စရာကောင်းတဲ့ အသင်းတစ်သင်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ကောင်းမွန်တဲ့အသင်းတစ်သင်းရှိပြီး လူတော်တော်များများကို အံ့အားသင့်စေခဲ့ပြီးသားပါ။ ကျွန်တော်တို့ရဲ့ခရီးလမ်းအစကနေ အခုဆို အများကြီးတိုးတက်လာခဲ့ပါပြီ။ ကျွန်တော်တို့ ပြင်ဆင်မှုတွေကောင်းကောင်းလုပ်နေပြီး အနိုင်ရဖို့အတွက် ကစားသွားမှာပါ။ ကျွန်တော်တို့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တယ်။ စာရင်းအချက်အလက်တွေ ဒေတာတွေ ရေပန်းစားတာတွေ မစားတာတွေက ကျွန်တော်တို့အသင်းအတွက် ဘာအဓိပ္ပာယ်မှမရှိပါဘူး။” ဟု ဂျိမ်းစ်က ဆိုလိုက်ပါတယ်။