အာဆင်နယ်အသင်းကတော့ ဒီနွေမှာ နံပါတ်(၉)နေရာ အထောင်တိုက်စစ်မှူးနေရာအတွက် စပို့တင်း လစ္စဘွန်းက ဗစ်တာ ယိုဂရက်စ်နဲ့ လိုက်ပ်ဇစ်က ဘင်ဂျမင် ဆက်စ်ကိုတို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထား ကြိုးပမ်းနေပေမယ့် သူတို့ကိုသာ မခေါ်ယူနိုင်ခဲ့ရင် ပစ်မှတ်ဟောင်း အိုလီ ဝက်ကင်းစ်ကိုသာ ခေါ်ယူသွားနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ချယ်လ်ဆီးက ဂိုးသမား ကပ်ပါ ၊ ဆိုစီဒက်က ကွင်းလယ်ကစားသမား ဇူဘီမန်ဒီနဲ့ ဘရန့်ဖို့ဒ်က ကွင်းလယ်လူ နော်ဂတ်တို့ကို ခေါ်ယူဖြည့်တင်းထားခဲ့ပြီး ဒီနေ့မှာလည်း ချယ်လ်ဆီးကပဲ တောင်ပံကစားသမား မာဒူအက်ကေးကိုပါ ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့ပါသေးတယ်။

Photo Credit : Football365

ကစားသမားသစ် ဖြည့်တင်းမှုတွေ အတော်လေး လုပ်ဆောင်ထားတဲ့ အာဆင်နယ်ဟာ အသင်းအတွက် အမှန်အကန် လိုအပ်နေသေးတဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် အခုထိ ခေါ်ယူမှု မလုပ်ဆောင်နိုင်သေးတဲ့အပေါ် အသင်းပရိသတ်တွေက လုံးဝ အားမလိုအားမရ ဖြစ်နေကြပါတယ်။

အာဆင်နယ်ဟာ နည်းပြအာတီတာ သဘောကျတဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကို ကို ခေါ်ယူဖို့ ကနဦးအဖြစ် ကြိုးပမ်းခဲ့ပေမယ့်လည်း ဆက်စ်ကိုအတွက် လိုက်ပ်ဇစ်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက များလွန်းတာကြောင့် ဆွီဒင်တိုက်စစ်မှူး ယိုဂရက်စ်ကို ပြောင်းလဲ ပစ်မှတ်ထားရာမှာလည်း တန်ကြေးက မြင့်မားလာခဲ့တာကြောင့် ထပ်မံ ခက်ခဲနေရပါတယ်။

Photo Credit : ESPN

တကယ်လို့ အာဆင်နယ်က ယိုဂရက်စ်ရော ဆက်စ်ကိုရောပါ မခေါ်နိုင်ခဲ့ဘူးဆိုရင် ပစ်မှတ်ဟောင်း တိုက်စစ်မှူးဖြစ်တဲ့ ဝက်ကင်းစ်ကိုသာ ပြန်လည် ချိန်ရွယ်လာနိုင်ပါတယ်။ အင်္ဂလန် တိုက်စစ်ကစားသမား ဝက်ကင်းစ်ဟာ အက်စတွန် ဗီလာရဲ့ အမာခံ ကစားသမား ဖြစ်ပေမယ့် ဗီလာက PSR စည်းမျဉ်းတွေကြောင့် ထိပ်တန်းကစားသမား တချို့ကို ရှင်းထုတ်ရနိုင်တဲ့ အခြေအနေကြောင့် ဝက်ကင်းစ်အတွက် ကမ်းလှမ်းမှုတွေကို နားစွှင့်ရနိုင်ပါတယ်။

အသက်(၂၉)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဗီလာဘက်က ဝက်ကင်းစ်ကို အာဆင်နယ်ဆီ ပြောင်းရွှေ့ခွင့် ပိတ်ပင်ခဲ့လို့ အပြောင်းအရွှေ့က မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာကတော့ ဗီလာအနေနဲ့ ဒီဈေးကွက်ထဲ key players အနည်းငယ် ရောင်းချရနိုင်လို့ အာဆင်နယ်နဲ့ ဝက်ကင်းစ်တို့ အခြေအနေကိုလည်း စောင့်ကြည့်ရနိုင်ပါတယ်။