လီဗာပူးလ်အသင်း နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးလောကမှာ အဆိုးဆုံး စိတ်ကူးလို့ ပြောဆိုခဲ့တာကို နည်းပြဟောင်း အာဆင် ဝင်းဂါးက ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အာဆင်နယ်နည်းပြဟောင်းဖြစ်ပြီး လက်ရှိ FIFA ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲဖြစ်တဲ့ ဝင်းဂါးက ဒီပြိုင်ပွဲဟာ လိုအပ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဘောလုံးပွဲစဉ်တွေရဲ့ အရည်အသွေးနဲ့ မျှော်မှန်းထားတာထက် ပိုမိုများပြားတဲ့ ပရိသတ်လာရောက်မှုတွေကိုလည်း သူက ကာကွယ်ပြောဆိုခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ ကလပ်အသင်းတွေအားလုံး နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်လို့လည်း ဝင်းဂါးက ဆိုပါတယ်။

Photo Credit : Daily Mail

“လူတိုင်း ကိုယ်ပိုင်အမြင် ရှိခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ ယာဂန် ကလော့ပ်ရဲ့ အမြင်ကို မထောက်ခံဘူး။ ကလပ်ကမ္ဘာ့ဖလားက လိုအပ်တယ်။ ဒီမှာရှိတဲ့ ကလပ်အသင်း ၁၀၀ ရာခိုင်နှုန်းက ဒါကို ထပ်လုပ်ချင်ကြတယ်။” လို့ ပြင်သစ်သား ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

အခုအသစ်ပြုပြင်ထားတဲ့ အသင်း(၃၂)သင်းပါ ပြိုင်ပွဲက ဗိုလ်လုပွဲသာ ကျန်တော့ပေမဲ့ FIFA ဥက္ကဋ္ဌ ဂန်နီ အင်ဖန်တီနိုရဲ့ စိတ်ကူးကို အကဲဖြတ်ဖို့ ခက်ခဲနေဆဲပါပဲ။ အလွန်အမင်းပူပြင်းတဲ့ ရာသီဥတု၊ အဆင့်အတန်းမမျှတဲ့ ပွဲစဉ်တွေနဲ့ ပရိသတ်တစ်ဝက်သာ ရှိတဲ့ အားကစားကွင်းတွေကြောင့် ဘောလုံးပွဲစဉ်တွေရဲ့ အရည်အသွေးနဲ့ ပရိသတ်လာရောက်မှုတွေက အဓိက ဆွေးနွေးစရာတွေ ဖြစ်ခဲ့ပါတယ်။

Photo Credit : ESPN

FIFA ကတော့ ပရိသတ်လာရောက်မှု ပြဿနာကို ရဲရဲဝံ့ဝံ့ တခါတလေ ပါးနပ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး ဒါဟာ ချီးကျူးစရာကောင်းပါတယ်။ ပြိုင်ပွဲအတွင်း အကြိမ်များစွာမှာ အုပ်ချုပ်ရေးအဖွဲ့က လက်မှတ်ဈေးတွေ လျှော့ချခဲ့ပြီး အခမဲ့နေရာတွေပါ ပေးခဲ့ပါတယ်။ ဒီနည်းလမ်းတွေက ထင်ရှားတဲ့ပွဲစဉ်တွေ အထူးသဖြင့် ဥရောပရဲ့ ထိပ်တန်းအသင်းတွေနဲ့ ပရိသတ်အများအပြား အားပေးတဲ့ ဘရာဇီးလ်အသင်းတွေ ပါဝင်တဲ့ပွဲစဉ်တွေမှာ အထောက်အကူဖြစ်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ အုပ်စုအဆင့်နဲ့ (၁၆)သင်းအဆင့် ပွဲစဉ်အများအပြားကိုတော့ ပရိသတ်မရှိသလောက် အားကစားကွင်းတွေမှာ ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့လက ကလော့ပ်က သူ့ရဲ့စိတ်ပျက်မှုကို jaw.de သတင်းစာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲတွေများနေတဲ့ အစီအစဉ်တွေကြားမှာ ကလပ်ကမ္ဘာ့ဖလားက ကစားသမားတွေအပေါ် ဝန်ထုပ်ဝန်ပိုး ထပ်တိုးလာတဲ့အပေါ် သူက စိတ်မကျေမနပ်ဖြစ်ခဲ့ပါတယ်။ “နေ့စဉ်လုပ်ငန်းနဲ့ ဘာမှမဆိုင်တဲ့သူတွေက စိတ်ကူးတွေ ထုတ်နေကြတာ။ နောက်ရာသီမှာ ကစားသမားတွေဟာ အရင်က မဖြစ်ဖူးတဲ့ ဒဏ်ရာတွေ ရလာမှာကို ကျွန်တော် စိုးရိမ်တယ်။ အဲဒီလို မဟုတ်ရင်လည်း ကမ္ဘာ့ဖလားပွဲ ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ ဖြစ်လာမှာပဲ။” လို့ သူက ပြောကြားခဲ့ပါတယ်။