ပြင်သစ်ဂန္ထဝင်ကစားသမားဟောင်း အီမန်နျူရယ်လ် ပီတစ်က သူရဲ့ကလပ်အသင်းဟောင်း ချယ်လ်ဆီးက ဒီနွေရာသီမှာ အက်စတွန် ဗီလာအသင်း ဂိုးသမား အီမီ မာတီနက်ဇ်ကို ခေါ်ယူ့ဖို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

မာတီနက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား အဝတ်ခန်းထဲမှာ စိတ်ဓာတ်တက်ကြွစေမယ့်သူ ဖြစ်လာနိုင်တယ်လို့ ပီတစ်က ဆိုပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၄-၂၅ ရာသီရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ တော်တင်ဟမ် ဟော့စပါးနဲ့ပွဲအပြီး မေလတုန်းက ဗီလာပရိသတ်တွေကို မျက်ရည်စက်လက်နဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပေမဲ့ သူကတော့ အသင်းက ထွက်ခွာချင်တယ်လို့ လူသိရှင်ကြား အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။

Photo Credit : Chelsea News

ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ယူအသင်းကတော့ နောက်ဆုံးနှစ်ရာသီဆက်တိုက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပထမဦးစားပေး ဂိုးသမား အန်ဒရေ အိုနာနာကို အစားထိုးဖို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမဲ့ ပြင်သစ်ကြယ်ပွင့်ဟောင်း ပီတစ်ကတော့ မာတီနက်ဇ်ရဲ့ နောက်ထပ်ခရီးစဉ်ဟာ ချယ်လ်ဆီးပဲ ဖြစ်သင့်တယ်လို့ ထင်မြင်နေပါတယ်။ သူ့ရဲ့ ကွင်းအတွင်းရော ကွင်းပြင်ပကပါ အငြင်းပွားဖွယ်ရာ အပြုအမူတွေ ရှိနေခဲ့ပေမဲ့လို့ပါ။

Photo Credit : Mozzart Sports

EscapistMagazine.com နဲ့ အင်တာဗျူးမှာ အသက် ၅၄ နှစ်အရွယ် ပီတစ်က “အီမီလီယာနို မာတီနက်ဇ်ဟာ ချယ်လ်ဆီး ကစားသမား အဝတ်ခန်းထဲမှာ စိတ်ဓာတ်တက်ကြွစေမယ့်သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ အပြုအမူတွေကို အရင်တုန်းက ကျွန်တော် ဝေဖန်ခဲ့ဖူးပေမဲ့ သူဟာ ချန်ပီယံဆုတွေ ရဖို့ ဘာတွေလိုအပ်လဲဆိုတာ သိပါတယ်။ သူ့မှာ အဲဒီအတွေ့အကြုံရှိတယ်။ တခြားကစားသမားတွေကိုလည်း စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်ပြီး ထိပ်တန်းဂိုးသမားတစ်ယောက်ရဲ့ အရည်အသွေးတွေ အားလုံးလည်း သူ့မှာရှိပါတယ်။”

“ချယ်လ်ဆီးအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုတစ်ခုဖြစ်မှာပါ။ အသက်(၃၂)နှစ်ဆိုတာ ဂိုးသမားတစ်ယောက်အတွက် မကြီးသေးပါဘူး။ ကျွန်တော်ထင်တာက သူဟာ အန်ဇို မာရက်စ်ကာ နဲ့ အသင်းမှာရှိပြီးသား ကစားသမားတွေနဲ့ ကောင်းကောင်း ချိတ်ဆက်နိုင်ပါလိမ့်မယ်။ ကျွန်တော် စိုးရိမ်မိတာကတော့ အက်စတွန် ဗီလာအတွက်ပါပဲ။ ထိပ်တန်းကစားသမားတွေ အသင်းကနေ ထွက်ခွာသွားရင် သူတို့ နောက်ရာသီမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်တော် စိုးရိမ်မိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။