အာဆင်နယ်အသင်းဟာ နည်းပြမီခေးလ် အာတီတာရဲ့ ကစားသမားစာရင်းအတွက် ကစားသမားသစ်တချို့ကို ခေါ်ယူပြီးဖြစ်ပေမယ့် နောက်ထပ် အပြောင်းအရွှေ့ကြီးတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အခုနောက်ဆုံး ပစ်မှတ်ကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား အီဘယ်ရီချီ အက်ဇေးဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ငွေပေးချေမှုပုံစံတစ်ခုကို အားစိုက်ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ သူ့ရဲ့ တောင်ပံတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အဓိကပစ်မှတ်အဖြစ် အင်္ဂလန်လက်ရွေးစင် အက်ဇေးကို သတ်မှတ်ထားတာပါ။ အသက်(၂၇)နှစ်အရွယ် အက်ဇေးရဲ့ စာချုပ်မှာ ပေါင်သန်း(၆၀)တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတာက အာဆင်နယ်အတွက် အခက်အခဲတစ်ခု ဖြစ်စေပါတယ်။
Photo Credit : TEAMtalk
ဘာကြောင့်လဲဆိုတော့ ဂန်းနားတို့ဟာ ဒီနွေရာသီမှာ မာတင် ဇူဘီမန်ဒီကို ငွေကြေးအများအပြားသုံးပြီး ခေါ်ယူထားသလို ဘရန့်ဖို့ဒ်က ခရစ်စတီယန် နော်ဂတ်ကိုလည်း ခေါ်ယူဖို့ နီးစပ်နေပါပြီ။ ဂိုးသမား ကယ်ပါ အာရစ်ဇာဘလာဂါကိုလည်း အနည်းငယ်သော ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် စပို့တင်းလစ္စဘွန်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်ကိုလည်း ပေါင်(၅၆.၁)သန်းနဲ့ အပိုဆုကြေး ပေါင်(၁၃)သန်း ပေါင်းပြီး ခေါ်ယူဖို့ ကြိုးစားနေပါသေးတယ်။ ဒီအပြောင်းအရွှေ့တွေအားလုံးသာ အောင်မြင်ခဲ့ရင် အာဆင်နယ်ဟာ ဒီနွေရာသီအတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက်အများစုကို သုံးစွဲပြီးသား ဖြစ်သွားမှာပါ။ နောက်ထပ် ကစားသမားခေါ်ယူချင်ရင် အသင်းကနေ ကစားသမားတွေ ပြန်ရောင်းချမှသာ ဖြစ်နိုင်မှာပါ။
Photo Credit : talkSPORT
ဒါပေမဲ့ The Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အက်ဇေးရဲ့ ပေါင်သန်း(၆၀)ကို တစ်လုံးတစ်ခဲတည်း မပေးချေဘဲ ပေါင်သန်း(၂၀)စီနဲ့ သုံးအရစ်ခွဲပြီး ပေးချေမယ့် ငွေပေးချေမှုပုံစံတစ်ခုနဲ့ ချဉ်းကပ်ဖို့ စီစဉ်နေပါတယ်။ အက်ဇေးဟာ သူ့ရဲ့လက်ရှိစာချုပ်မှာ သက်တမ်း(၂)နှစ် ကျန်ရှိနေသေးပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကလည်း သူ့ကို ရေရှည်စိတ်ဝင်စားနေတာကြောင့် အပြိုင်လုရဖွယ် ရှိနေပါတယ်။
အက်ဇေးသာ အာဆင်နယ်အသင်းဆီ ရောက်လာခဲ့ရင် လက်ရှိတောင်ပံကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီနဲ့ လီယန်ဒရို ထရော့ဆတ်တို့ရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်သွားနိုင်ပါတယ်။ မာတင်နယ်လီဆိုရင် ဆော်ဒီကလပ်တွေနဲ့ သတင်းထွက်နေတာလည်း ဖြစ်ပါတယ်။