အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးသစ်ရှာဖွေမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းတွေက ထွက်ပေါ်နေပါတယ်။ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကရက်စ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။

The Athletic နဲ့ နာမည်ကျော် သတင်းသမား ဖေဘရီဇီယို ရိုမာနိုတို့ရဲ့ ဖော်ပြချက်အရ အသက်(၂၇)နှစ်အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးနဲ့ အာဆင်နယ်တို့ဟာ (၅)နှစ် သဘောတူညီမှုအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဆွီဒင်သတင်းစာ Sportbladet ကတော့ စပို့တင်းအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)အထိ ရရှိမယ်လို့ ဆိုပါတယ်။

Photo Credit : Evening Standard

အာဆင်နယ်ဟာ အချိန်အတော်ကြာ စိတ်ဝင်စားခဲ့တဲ့ လိုက်ပ်ဇစ်က ဘန်ဂျမင် ဆက်စ်ကိုနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး ကိစ္စတွေမှာ ညှိနှိုင်းရခက်ခဲတာကြောင့် ယိုကရက်စ် ဘက်ကို ပြန်လှည့်လာတာ ဖြစ်ပါတယ်။ ယိုကရက်စ်ဟာ ၂ နှစ်ခန့်က ကိုဗင်ထရီကနေ လစ္စဘွန်းကို ရောက်ရှိပြီးနောက်ပိုင်း ပွဲပေါင်း(၁၀၂)ပွဲမှာ (၉၇)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး စပို့တင်းကို လိဂ်ဖလား (၂)ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြားက ကလပ်အသင်းနဲ့ သူ့ရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေက ယိုကရက်စ်ဘက်နဲ့ စပို့တင်းဥက္ကဋ္ဌတို့ကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌက သူ့ကို ယူရိုသန်း(၆၀)အပြင် အခြားအပိုဆုကြေးတွေနဲ့ ပြောင်းရွှေ့ခွင့်ပြုမယ်ဆိုတဲ့ သဘောတူညီမှုမျိုး မရှိခဲ့ဘူးလို့ ပယ်ချခဲ့ပါတယ်။ ဒီကိစ္စကြောင့် ယိုကရက်စ်ဟာ အသင်းပြောင်းရွှေ့ခွင့်ရဖို့အတွက် သပိတ်မှောက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် အခုတော့ ယိုကရက်စ်အနေနနဲ့ သူ့အသင်းကို သပိတ်မှောက်ဖို့ မလိုတော့ပုံရပါတယ်။ စပို့တင်းအသင်းက နက်ဖြန်မှာ ရာသီကြို လေ့ကျင့်ရေးတွေ ပြန်စမှာ ဖြစ်ပေမယ့် ယိုကရက်စ်ကိုတော့ အကြောင်းအမျိုးမျိုးကြောင့် (၄)ရက် ပိုပြီး အနားယူခွင့်ပေးထားတယ်လို့ သိရပါတယ်။

အာဆင်နယ်ဘက်က ကြည့်မယ်ဆိုရင် အချိန်က အရေးကြီးပါတယ်။ နည်းပြ မီခယ်လ် အာတီတာဟာ ကစားသမားသစ်တွေကို အစောပိုင်းကတည်းက အသင်းနဲ့ အသားကျအောင် ပေါင်းစည်းဖို့ အရေးကြီးကြောင်း အမြဲတစေ ပြောကြားခဲ့ပါတယ်။ ဒီရာသီရဲ့ အဖွင့်ပွဲစဉ်တွေက အာဆင်နယ်အတွက် မလွယ်ကူတဲ့ ပွဲစဉ်တွေ ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီလကုန်မှာ စင်ကာပူနဲ့ ဟောင်ကောင်ကို ရာသီကြိုခရီးစဉ် ထွက်မှာဖြစ်ပြီး အေစီမီလန် နယူးကာဆယ် စပါးတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဗီလာရီးယဲလ်နဲ့ ဘီလ်ဘာအိုတို့ကို အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်နဲ့ ရာသီဖွင့်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ရာသီအစမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့နဲ့လည်း ထိပ်တိုက်တွေ့ဖို့ ရှိနေပါသေးတယ်။