ရီးရဲလ် မက်ဒရစ်နည်းပြသစ် ဇာဘီ အလွန်ဆိုက သူ့ရဲ့အသင်းသစ်ဟာ ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေတယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မက်လိုက်အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပြီး တစ်ဖက်မှာ ပီအက်စ်ဂျီကတော့ ဘိုင်ယန်မြူးနစ်ကို ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီရလဒ်တွေကြောင့် စပိန်နဲ့ ပြင်သစ်ထိပ်သီးကလပ်နှစ်သင်းဟာ ဗုဒ္ဓဟူးနေ့မှာ မက်လိုက်အားကစားရုံမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာမှာပါ။

Photo Credit : Super  Sport

အလွန်ဆိုက “ဒီနေ့ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရခဲ့တဲ့ ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အခုတော့ ဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အသင်းသစ် စီမံကိန်းအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ကလပ်ကမ္ဘာ့ဖလားမစတင်ခင် ကားလို့ အန်ဆယ်လော့တီကို ဆက်ခံခဲ့တဲ့ နည်းပြသစ် ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ လူးဝစ် အင်းနရစ် နည်းပြမှုအောက်မှာ မေလအကုန်က မြူးနစ်မှာ ကျင်းပတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ယူပြီး ရီးရဲလ် မက်ဒရစ်ရဲ့ ဥရောပချန်ပီယံဘွဲ့ကို ဆက်ခံခဲ့ပါတယ်။ အလွန်ဆိုက “ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ကတည်းက အရမ်းကို မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနေတာပါ။ ဒီပွဲက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။” လို့ ဆိုပါတယ်။

Photo Credit : Marca

အလွန်ဆိုက “ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပေမယ့် ဒီပွဲမှာ အလေးအနက်ထား ကစားခဲ့တယ်။ အခုတော့ ဒီပွဲက အကောင်းဘက်ကို ယူပြီး ဆက်လက်ပြင်ဆင်ရမှာပါ။” လို့ ပြောပါတယ်။ သူက ဆီမီးဖိုင်နယ်ကို ချက်ချင်းမစဉ်းစားသေးဘဲ ဒင်း ဟောက်ဆန်ရဲ့ပွဲပယ်မှုကို စိတ်မကောင်းဖြစ်နေတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ကီလီယန် အမ်ဘာပေဟာ သူ့ရဲ့မူလကလပ်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ တောင်းဆိုနေပါတယ်။ သူဟာ ဖျားနာမှုကနေ ပြန်လည်သက်သာလာပြီး ဒေါ့မွန်နဲ့ပွဲမှာ ရီးရဲလ်အတွက် (၄၄)ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ အလွန်ဆိုက “ဘာပေဟာ အခုထိ ပြီးပြည့်စုံတဲ့ အနေအထားမှာ မရှိသေးဘူး။ (၁၀၀) ရာခိုင်နှုန်းမပြည့်သေးပေမယ့် သူဟာ နေ့စဉ်တိုးတက်လာနေတယ်။” လို့ ပြောပါတယ်။ (၂၁)နှစ်သာ ရှိသေးတဲ့ ဂွန်ဇာလို ဂါစီယာဟာ ကလပ်ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး သူဟာ (၅)ပွဲမှာ (၄)ဂိုးသွင်းထားကာ ရီးရဲလ်ရဲ့ ဒုတိယအသင်း ကတ်စတီလာမှာ ပြီးခဲ့တဲ့ရာသီက (၂၅)ဂိုးသွင်းခဲ့တဲ့ ဂိုးသွင်းစွမ်းရည်ကို ဆက်လက်ပြသနေပါတယ်။အလွန်ဆိုက “မနေ့က ကျွန်တော်ပြောခဲ့သလို ဂွန်ဇာလိုဟာ သူ့ရဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားပြီး ဒီနေ့လည်း ထပ်မံသက်သေပြခဲ့တယ်။ သူမှာ ဂိုးသွင်းသူတစ်ယောက်ရဲ့ အရည်အသွေးတွေရှိပြီး ဒီမှာလည်း သူ့အတွက် နေရာမှန်ဖြစ်တယ်။” လို့ ချီးကျူးခဲ့ပါတယ်။