အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်သွားလို့ အသင်းကနေ ထွက်ခွာလာခဲ့ရတဲ့ တိုက်စစ်မှူး ဒေါ့မနစ် ကယ်လ်ဗတ် လီဝင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက အံ့အားသင့်ဖွယ် ကြိုးပမ်းမှုတစ်ခု ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်ဟာ ငွေကြေးအခြေအနေအရ ကစားသမားသစ်ခေါ်ယူမှုတွေကို သတိထားနေရတာကြောင့် အန္တရာယ်နည်းပြီး အကျိုးအမြတ်များနိုင်တဲ့ ခေါ်ယူမှုတွေကို ပိုမိုစိတ်ဝင်စားနေပြီး ကယ်လ်ဗတ် လီဝင်ကတော့ ဒီအချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်နေပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့အတွက် ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့သာ အောင်မြင်ခဲ့မယ်ဆိုရင် အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်ရဲ့ အာရုံစိုက်မှုထဲကို တစ်ကျော့ပြန် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Photo Credit : Vodacom Soccer
အသက်(၂၇)နှစ်အရွယ် ကယ်လ်ဗတ် လီဝင်ဟာ အရင်ကလို အကောင်းဆုံးခြေစွမ်းမှာ မရှိတော့ပေမယ့် သူ့ရဲ့ ကစားဟန်က နည်းပြ အမိုရင်ကို ဆွဲဆောင်နေဆဲပါ။ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်ကြားမှာ ဒီအင်္ဂလန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ရဲ့ အလားအလာအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ရာသီဆက်တိုက် ဂိုးအရေအတွက် သွင်းဂိုးအလုံအလောက် သွင်းယူပြနိုင်ခဲ့ပါတယ်။
သူ့ရဲ့ သန်မာတဲ့ခန္ဓာကိုယ် ဝေဟင်မှာ အားသာမှုနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဦးဆောင်နိုင်မယ့် ကစားသမားလိုအပ်နေတဲ့ ယူနိုက်တက်အသင်အတွက် တန်ဖိုးရှိတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ အသင်းက ယုံကြည်နေပါတယ်။ လူစာရင်းကို ပြန်လည်တည်ဆောက်နေတဲ့ အမိုရင်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း အကြီးအကျယ် ရှင်းလင်းဖို့ စီစဉ်နေပြီး ဟွိုင်လန်း ရပ်ရှ်ဖို့ဒ် ဂါနာချို ဆန်ချိုနဲ့ အန်တိုနီတို့ကို ရောင်းချဖို့ စာရင်းတင်ထားပါတယ်။
Photo Credit : Football365
တကယ်လို့ ယူနိုက်တက်သာ တိုက်စစ်ကစားသမား အများအပြားကို ရောင်းထုတ်နိုင်ခဲ့ရင် အရန်ကစားသမား ဒါမှမဟုတ် အလှည့်ကျ ကစားသမားနေရာအတွက် နေရာလွတ်တစ်ခု ပေါ်ထွက်လာနိုင်ပြီး ကယ်လ်ဗတ် လီဝင်က အဲ့ဒီနေရာကို ဝင်ရောက်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကနဦး စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ကယ်လ်ဗတ် လီဝက် တောင်းဆိုနေတဲ့ လစာငွေပမာဏ မြင့်မားမှုကြောင့် INEOS တို့က ဆွေးနွေးမှုတွေကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
အားကစားသတင်းထောက် ဘန် ဂျေကော့ဘ်စ်ရဲ့ အဆိုအရ ကယ်လ်ဗတ် လီဝင်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားဖြစ်တာကို အခွင့်ကောင်းယူပြီး အဲဗာတန်မှာ ရခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းထက် သိသိသာသာ ပိုများတဲ့ လစာကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ ဆုကြေးငွေတွေနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိပေမယ့် တိုက်စစ်မှူးဘက်က လစာလျှော့မပေးဘူးဆိုရင်တော့ တခြားပစ်မှတ်တွေ လက်လွတ်သွားမှသာ ဒီအပြောင်းအရွှေ့ကို ရှေ့ဆက်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။