ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ အသင်းကနေ ထွက်ခွာသွားတော့မယ့် တိုက်စစ်စားသမား ဂျွန်ဒူရန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဂါဘရီရယ် မာတင်နယ်လီကို ပေါင် ၇၃ သန်း ဆိုတဲ့ မမျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အယ်လ်နာဆာအသင်းဟာ မူလက လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် လီဗာပူးလ်ဘက်က ဘယ်ဈေးနဲ့မှ ရောင်းချမှာမဟုတ်ကြောင်း ငြင်းဆန်ခဲ့တာကြောင့် ပစ်မှတ်ကို မာတင်နယ်လီဘက်သို့ ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ GiveMeSport ရဲ့ သတင်းတွေအရ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဒူရန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မာတင်နယ်လီကို အလေးအနက်ထား ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Arsenal Insider

ဆော်ဒီပရိုလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ သတ်မှတ်ရက်ထက် ၁၇ ရက်စောပြီး ကြာသပတေးနေ့ကတည်းက တရားဝင်ဖွင့်လှစ်ခဲ့တာကြောင့် အခုလို သတင်းမျိုးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အယ်လ်နာဆာဟာ ယူရို ၈၅ သန်း (ပေါင် ၇၃ သန်း) ဝန်းကျင်ရှိတဲ့ ကမ်းလှမ်းမှုနဲ့ အာဆင်နယ်ရဲ့ သဘောထားကို စမ်းသပ်သွားဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မာတင်နယ်လီကို လက်လွှတ်ဖို့ ချက်ချင်းအစီအစဉ်မရှိသေးပေမယ့် အယ်လ်နာဆာဘက်က မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာပါက စတင်ဆွေးနွေးဖို့ တံခါးဖွင့်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ် မက်ဒရစ်ရဲ့ ရိုဒရီဂိုနဲ့ နယူးကာဆယ်က အန်တိုနီ ဂေါ်ဒွန်တို့ကို အစားထိုးခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မာတင်နယ်လီကို ရောင်းချရာကနေ ရရှိလာမယ့်ငွေကြေးဟာ ဒီကစားသမားတွေကို ခေါ်ယူရာမှာ အရေးပါတဲ့ အရင်းအနှီးဖြစ်လာနိုင်ပါတယ်။

Photo Credit : GiveMeSport

အယ်လ်နာဆာအသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကိုယ်တိုင် တိုက်ရိုက်ပါဝင်ဆုံးဖြတ်နေပြီး သူ့ရဲ့သြဇာအာဏာနဲ့ နာမည်ကျော်ကြားမှုက ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်ရာမှာ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါကြောင့် မာတင်နယ်လီကို ခေါ်ယူရာမှာလည်း ရော်နယ်လ်ဒိုရဲ့ အခန်းကဏ္ဍက အရေးပါလာဖွယ်ရှိနေပါတယ်။

အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီအပြင် ဝက်စ်ဟမ်းက တိုက်စစ်ကစားသမား မိုဟာမက် ကူးဒက်စ်နဲ့ လေဗာကူဆင်က တိုက်စစ်မှူး ဗစ်တာ ဘွန်နီဖေ့စ်တို့ကိုလည်း ခေါ်ယူဖို့ စဉ်းစားလျက်ရှိကြောင်း သိရပါတယ်။