မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူကြီး နာမည်ကျော် နီမန်ဂျာ ဗီဒစ်က အိုးထရက်ဖို့ဒ်ကို နည်းပြချုပ်တစ်ယောက်အနေနဲ့ ပြန်လာချင်တယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ ကစားသမားဘဝက ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

The Overlap နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဗီဒစ်က သူ့ရဲ့အနာဂတ်နည်းပြဘဝအကြောင်း မေးမြန်းခံခဲ့ရပြီး ယူနိုက်တက်နည်းပြချုပ် ဖြစ်လာဖို့က သူ့ရဲ့ရည်မှန်းချက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာပါ။ ဆားဘီးယားလက်ရွေးစင်ဟောင်း ဗီဒစ်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ အခြားဆုဖလားများစွာကို ရရှိခဲ့တဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ပါတယ်။

Photo Credit : Goal

ဘယ်အသင်းကိုမှ နည်းပြဖူးတဲ့ အတွေ့အကြုံ မရှိသေးတာကြောင့် ဗီဒစ်ရဲ့ ရည်မှန်းချက်က လက်ရှိမှာတော့ နည်းနည်းအလှမ်းဝေးနေပါသေးတယ်။ သူဟာ အင်တာမီလန်အသင်းမှာ ခဏတာ ကစားပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့် နည်းပြလောကထဲကိုတော့ ဝင်ရောက်လာခြင်းမရှိသေးပါဘူး။

ဗီဒစ်ခ်က “တကယ်လို့ ကျွန်တော်သာ တစ်သင်းသင်းကို နည်းပြခွင့်ရမယ်ဆိုရင် အဲ့ဒါ မန်ချက်စတာ ယူနိုက်တက်အသင်းပဲ ဖြစ်ရပါမယ်။ ကျွန်တော်က ခက်ခဲတဲ့အရာတွေကို သဘောကျတယ်။ ခက်ခဲတဲ့ အခြေအနေကနေ ကောင်းမွန်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ပြောင်းလဲရတာမျိုးက ကျွန်တော်လုပ်ချင်တဲ့အရာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

သူ့ရဲ့လက်ရှိအစီအစဉ်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဗီဒစ်ခ်က “နည်းပြတစ်ယောက်ဖြစ်ဖို့ ဒါမှမဟုတ် ဘောလုံးလောကမှာ အားကစားဒါရိုက်တာတစ်ယောက်အဖြစ် လုပ်ကိုင်ဖို့ အခွင့်အရေးတွေကို ကျွန်တော် စောင့်မျှော်နေပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် ဆားဘီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြစ်ဖို့တောင် အစီအစဉ်ရှိခဲ့ပါသေးတယ်။ အဲ့တုန်းကတော့ မဖြစ်ခဲ့ပေမယ့် အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်။”

“ဘောလုံးပြင်ပမှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်နေပါတယ်။ အောင်မြင်ရုံတင်မကဘဲ ကျွန်တော့်ရဲ့ပုံရိပ်ကိုပါ ထင်ဟပ်စေမယ့် ကုမ္ပဏီမျိုးပါ။ ကျွန်တော် လုပ်သမျှ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အရည်အသွေးကောင်းကောင်း ထုတ်လုပ်ရတာကို သဘောကျပါတယ်။ အခုလုပ်နေတဲ့ တိုက်ခန်းတွေ ဆောက်တဲ့လုပ်ငန်းမှာလည်း ဒီလိုပါပဲ။ ကိုယ်တိုင်ဆောက်ထားတဲ့ အဆောက်အဦးကောင်းကောင်းတွေထဲ လမ်းလျှောက်ဝင်သွားရတဲ့အခါ ဂုဏ်ယူရတဲ့ ခံစားချက်မျိုးကို ရချင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။