ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားလေး မာ့ခ် ကာဆာဒိုကို ခေါ်ယူဖို့အတွက် စတင် လှုပ်ရှားနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။ ဘာစီလိုနာအသင်းမှာ ကွင်းလယ်ကစားသမားတွေ များပြားနေတာကြောင့် ကာဆာဒိုအတွက် ပွဲထွက်ခွင့်ရဖို့ အခွင့်အလမ်းနည်းပါးနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိပါက ရောင်းချသွားဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။
အသက် ၂၁ နှစ်အရွယ် စပိန်ကွင်းလယ်လူ ကာဆာဒိုဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ် ဟန်ဆီ ဖလစ်ခ်လက်ထက် ၂၀၂၄-၂၅ ရာသီအစမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက် စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။
Photo Credit : Barca Universal
ဒါပေမယ့် အသင်းရဲ့အဓိကကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်မှာတော့ ကာဆာဒိုရဲ့ ပွဲထွက်ခွင့်တွေဟာ တဖြည်းဖြည်း နည်းပါးလာခဲ့ပါတယ်။ ရာသီကုန်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အရွတ်ဒဏ်ရာကြောင့်လည်း သူ့ရဲ့ပွဲကစားချိန်တွေ ပိုမိုကန့်သတ်ခံခဲ့ရပါတယ်။
နည်းပြဖလစ်ခ် ကိုယ်တိုင်က ကာဆာဒိုရဲ့ခြေစွမ်းကို သဘောကျပြီး ပြီးခဲ့တဲ့ နွေရာသီကမှ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်အောင် တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဘာစီလိုနာကွင်းလယ်မှာ ဒီဂျောင်၊ ဖာမင် လိုပက်ဇ်၊ မာ့ခ် ဘာနယ်၊ ပက်ဒရီ၊ ဂါဗီ နဲ့ အော်လ်မိုတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတာကြောင့် ကာဆာဒိုအတွက် ပုံမှန်နေရာတစ်နေရာရဖို့ကတော့ အလွန်ခက်ခဲတဲ့အခြေအနေဖြစ်နေပါတယ်။
Photo Credit : Football Talk
Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ကာဆာဒိုကို ခေါ်ယူဖို့အတွက် အလေးအနက်စိတ်ဝင်စားနေပါတယ်။ ကစားသမားရဲ့ လက်ရှိပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၅.၉ သန်း) ထက်ပိုများတဲ့ ကမ်းလှမ်းမှုမျိုးပြုလုပ်လာပါက ဘာစီလိုနာအသင်းက ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ကာဆာဒိုကို ချဲလ်ဆီးတစ်သင်းတည်း စိတ်ဝင်စားနေတာမဟုတ်ဘဲ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကမ်းလှမ်းမှုကတော့ ချယ်လ်ဆီးထက် နည်းပါးနိုင်ဖွယ်ရှိနေပါတယ်။
နည်းပြအန်ဇို မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ကစားသမားသစ်တွေအဖြစ် ဂျာအို ပတ်ဒရိုနဲ့ လီယန် ဒီလပ်တို့ကို ခေါ်ယူဖြည့်တင်းထားပြီး လာမယ့် စနေနေ့မှာလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဘရာဇီးကလပ် ပါးလ်မီးရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။