ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင်ကစားသမား သောမတ်စ်မူလာဟာ အသင်းကနေ မထွက်ခွာမီ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချလိုက်ပါတယ်။

မူလာဟာ ဒီနွေရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘိုင်ယန်အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီဖြစ်ပြီး သူ့ရဲ့နောက်ထပ်ခြေလှမ်းက ဘယ်ကိုလဲဆိုတာ မသေချာသေးပေမယ့် ဂျာမန်ကစားသမားကြီးကတော့ ရူဘင် အာမိုရင်ရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ကို လောလောဆယ်မှာတော့ လုံးဝပယ်ချလိုက်တာ ဖြစ်ပါတယ်။

Photo Credit : Tribuna

အသက် ၃၅ နှစ်အရွယ် ကစားသမားက အတိတ်တုန်းကဆိုရင်တော့ ဒါဟာ ဆွဲဆောင်မှုရှိတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ ပျော်ရွှင်ရမှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သူက CBS Sports ကို ပြောကြားရာမှာ “ဟုတ်ကဲ့၊ ကျွန်တော် အဲ့ဒီအကြောင်း စဉ်းစားခဲ့ဖူးပါတယ်။ အဲ့ဒီအတွေ့အကြုံကို ခံစားကြည့်ရရင် ကောင်းမှာပဲလို့ တွေးခဲ့တဲ့ အချိန်အခိုက်အတန့်တွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့က ဆွဲဆောင်မှုရှိနေသေးလားလို့ ဖိအားပေးမေးမြန်းခဲ့ရာမှာတော့ မူလာက “အကြိမ်ပေါင်းများစွာပါပဲ… ဒါပေမဲ့ ခင်ဗျားက အခုချိန်ကို ဆိုလိုတာလား? အခုလား? ဟင့်အင်း၊ လုံးဝပဲ။ ကျွန်တော်က သူတို့အတွက် မှန်ကန်တဲ့လူ မဟုတ်သလို သူတို့ကလည်း ကျွန်တော့်အတွက် မှန်ကန်တဲ့ကလပ်အသင်း မဟုတ်ပါဘူး။ သူတို့လည်း ပျော်မှာမဟုတ်ဘူး။ ကျွန်တော်လည်း ပျော်မှာမဟုတ်ဘူး။ ဒါကြောင့် ဒါက လိုက်ဖက်မှုမရှိပါဘူး” လို့ ပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo Credit : United in Focus

မူလာဟာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အဲ့ဒီထဲက ၁၇ နှစ်ကို အသင်းကြီးမှာ ကစားခဲ့သူဖြစ်တာကြောင့် အသင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သမိုင်းတွင်ကျန်ရစ်မှာ သေချာပါတယ်။ ဝါရင့်ကစားသမားကြီးဟာ အမေရိကန် မေဂျာလိဂ် (MLS) ကို ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေပေမယ့် ယူနိုက်တက်ကို ပြောင်းဖို့ ငြင်းဆန်လိုက်ခြင်းက ယူနိုက်တက်အသင်းရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းအခြေအနေကို ထင်ဟပ်နေပါတယ်။

မူလာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားတဲ့အခါ ဘိုင်ယန်အသင်းနဲ့ သူ့ရဲ့ခရီးရှည်ကြီးကို အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီတိုက်စစ်မှူးဟာ လာမယ့် စနေနေ့ (ဇူလိုင် ၅ ရက်) မှာ ကစားမယ့် ချန်ပီယံလိဂ်ဖလားရှင် ပီအက်စ်ဂျီအသင်းနဲ့ စိတ်ဝင်စားဖွယ်ရာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။