မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက သူတို့အသင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ရှုံးထွက်ခဲ့ရသလိုမျိုး ခံစားရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ အကြိတ်အနယ်ရှိခဲ့တဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့ သူတို့ရဲ့ စိတ်ပျက်ဖွယ်ရာ ရာသီကို ထပ်ပြီး နောက်တိုး စိတ်ပျက်စရာတစ်ခုနဲ့ပါ အဆုံးသတ်လိုက်ရပါတယ်။
Photo Credit : Goal
ဆေးလ်ဗားကတော့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အကောင်းဆုံးပြန်လာနိုင်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့် ဒီရှုံးပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပျက်မှုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရီးယဲလ် မက်ဒရစ်ကို ရှုံးပြီး ဥရောပပြိုင်ပွဲကနေ ထွက်ခဲ့ရတုန်းကလိုမျိုး ခံစားရတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဆေးလ်ဗားက “ဟုတ်ကဲ့၊ ဒါက ချန်ပီယံလိဂ်ကနေ ထွက်ရသလိုမျိုး နည်းနည်း ခံစားရပါတယ်။ ဘယ်သူမှ ရှုံးချင်ကြတာမဟုတ်ဘူး။ ပွဲစဉ်ဇယားတွေက အရမ်းကျပ်နေလို့ ကံမကောင်းစွာနဲ့ပဲ အားလပ်ရက်မရှိတာကို ကျွန်တော်တို့ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုထဲရောက်နေပြီဆိုရင် ကျွန်တော်တို့က အရမ်းအလေးအနက်ထားပြီး ကစားပါတယ်။ ဒီကလပ်ကမ္ဘာ့ဖလားအတွက် ကျွန်တော်တို့မှာ မျှော်လင့်ချက် အကြီးကြီးရှိခဲ့ပြီး ချန်ပီယံဖြစ်ချင်ခဲ့ပါတယ်။ နောက်တစ်လနေလို့ ပရီးမီးယားလိဂ်စပြီဆိုရင်တော့ ဒီအကြောင်းတွေကို မေ့ပြီး ရာသီကောင်းတစ်ခုပိုင်ဆိုင်ဖို့ အာရုံစိုက်သွားမှာပါ။” လို့ ပြောခဲ့ပါတယ်။
Photo Credit : Sky Sports
မန်စီးတီးအသင်းရဲ့ ဒီရှုံးပွဲကြောင့် ၂၀၁၇ ခုနှစ် ပက်ပ် ဂွါဒီယိုလာရဲ့ ပထမဆုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖလားလက်မဲ့နဲ့ ရာသီကို အဆုံးသတ်ခဲ့ရပါတယ်။ ဂွါဒီယိုလာဟာ အသင်းရဲ့ကျဆင်းနေတဲ့ ခြေစွမ်းကို ပြန်လည်တည့်မတ်ဖို့ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပေမယ့် အယ်လ်ဟီလာနဲ့ပွဲမှာတော့ အသင်းရဲ့ ညံ့ဖျင်းတဲ့ ခံစစ်စွမ်းဆောင်ရည်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။
ပရီးမီးယားလိဂ်ရာသီသစ် စတင်ဖို့ ခြောက်ပတ်ကျော်သာ လိုတော့တဲ့အတွက် မန်စီးတီးအသင်းဟာ အမြန်ဆုံး စိတ်ဓာတ်ပြန်လည်ထူထောင်ဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။