အင်တာမီလန် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အမည်မဖော်ပြထားတဲ့ ကစားသမားတစ်ဦးကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီကစားသမားမှာ ဟာကန် ချာဟာနိုဂလူးဖြစ်ကြောင်း နောက်ပိုင်းမှာ အသင်းဥက္ကဌက အတည်ပြုခဲ့ပါတယ်။
အင်တာမီလန်အသင်းသည် တနင်္လာနေ့က ဘရာဇီးကလပ် ဖလူမိနိစ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယဆုရအသင်းဟာ ညံ့ဖျင်းသော စွမ်းဆောင်မှုအပြီးမှာ အသင်းခေါင်းဆောင် မာတီနက်ဇ်က အသင်းဖော်တစ်ဦး (ဒါမှမဟုတ်) တစ်ဦးထက်ပိုသူကို နာမည်ထုတ်မပြောဘဲ ဝေဖန်ခဲ့ပြီး အသင်းကနေ ထွက်သွားရန်အထိပါ ပြောဆိုခဲ့ပါတယ်။ ချာဟာနိုဂလူးဟာ တနင်္လာနေ့ပွဲစဉ်အတွက် လူစာရင်းမှ အလုံးစုံ ချန်လှပ်ခံခဲ့ရပြီး ကလပ်ကမ္ဘာ့ဖလားမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ခြင်း မရှိပေ။
Photo Credit : Football Italia
“ပြောချင်တဲ့ သတင်းစကားက ရှင်းရှင်းလေးပါ။ နေချင်တဲ့သူ နေ၊ မနေချင်တဲ့သူ ထွက်သွားရမယ်။ ကျွန်တော်တို့က အရေးပါတဲ့ ဂျာစီတစ်ထည်အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး အရေးကြီးတဲ့ ပန်းတိုင်တွေအတွက် တိုက်ပွဲဝင်ရပါမယ်။ နာမည်တော့ ထုတ်မပြောတော့ပါဘူး။ ကျွန်တော်တို့ ဒီမှာ အရာအားလုံးကို လုပ်ဖို့ရောက်နေတာ၊ ဒါပေမဲ့ ကျွန်တော်မကြိုက်တဲ့ အရာတွေ အများကြီးတွေ့ခဲ့ရတယ်။”
“ဒါကြောင့် အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အုပ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဟုတ်ပါတယ် နည်းပြက အရင်ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဒါကို ပြောကိုပြောရမယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်မို့လို့ပဲ။ ကျွန်တော်က တစ်ဖက်မဟုတ်တစ်ဖက်မှာပဲ နေတယ်။ ကျွန်တော် ပန်းတိုင်တွေအတွက် တိုက်ပွဲဝင်ချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အသင်းကောင်းတစ်သင်း ထိပ်တန်းအဆင့်ကို ပြန်ရောက်လာခဲ့ပြီး ဒီအတိုင်း ဆက်သွားချင်လို့ပါပဲ။”
Photo Credit : ESPN
မာတီနက်ဇ်က သူရဲ့ပစ်မှတ်ကို အမည်မဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့်လည်း အင်တာမီလန်ဥက္ကဌ မာရော့တာက ဒီဝဖန်မှုကို ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည့် ချာဟာနိုဂလူးကို ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပါတယ်။ မာရော့တာက ကွင်းလယ်ကစားသမားရဲ့ အခြေအနေအတွက် နှစ်ဦးနှစ်ဖက် ပြေလည်မည့်အဖြေတစ်ခု ရှာတွေ့တဲ့အခါ သူအသင်းကနေ ထွက်ခွာသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
သူက Sport Mediaset သို့ ပြောကြားရာမှာ “ကျွန်တော် (မာတီနက်ဇ်ရဲ့) စကားတွေကို အကောင်းမြင်ပါတယ်။ လော်တာရိုက အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ခန့်မှန်းချက်တချို့နဲ့ အမှန်တရားတချို့ကို မီးမောင်းထိုးပြခဲ့တာပါ။ ကျွန်တော်အမြဲပြောနေကျ စကားတစ်ခွန်းရှိတယ်။ ကစားသမားတစ်ယောက်က ထွက်သွားချင်တယ်ဆိုရင် သူထွက်သွားတာ မှန်ကန်ပါတယ်။ ဒီလိုဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတဲ့သူတော့ မရှိသေးပါဘူး။ သူက ချာဟာနိုဂလူးကို ရည်ညွှန်းတာဖြစ်နိုင်ပေမယ့် ဒါက ရာသီကုန်မှာ ကျွန်တော်တို့ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်တို့ ချာဟာနိုဂလူးနဲ့ စကားပြောမှာဖြစ်ပြီး အင်တာအသင်းနဲ့ သူ့အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းနဲ့ ဖြေရှင်းသွားမှာပါ။ လော်တာရိုရဲ့ ဒီတောင်းဆိုမှုက ကလပ်အသင်းရဲ့ သဘောထားနဲ့ တစ်ထပ်တည်းကျပါတယ်။ ဒါက ကျွန်တော်တို့ကို အဝေးကြီးခေါ်ဆောင်သွားနိုင်မယ့် အောင်မြင်တဲ့စိတ်ဓာတ် ဖြစ်ရပါမယ်။ ချာဟာနိုဂလူးရဲ့ စိတ်ဝင်စားမှုကျဆင်းသွားတာလား? မဟုတ်ပါဘူး၊ သူလုပ်ပေးခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ရမှာပါ” လို့ ဆိုသွားခဲ့ပါတယ်။