အယ်လ်ဟီလာသင်းနည်းပြ ဆီမြွန်နီ အင်ဇာဂီက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခြင်းဟာ အောက်ဆီဂျင်မပါဘဲ ဧဝရက်တောင်ကို တက်ခဲ့ရသလို ခက်ခဲလွန်းကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး အနိုင်ရရှိခဲ့ခြင်းရဲ့ အဓိကသော့ချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အော်လန်ဒိုမြို့ရှိ Camping World အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ဟာ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပြီး စုစုပေါင်း ဂိုး ၇ ဂိုးအထိ သွင်းယူခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ ဆော်ဒီပရိုလိဂ်က ငွေသုံးကြမ်းတဲ့ ဘီလူးကြီးများက ပရီးမီးယားလိဂ်မှာ ငွေကုန်ကြေးကျများစွာနဲ့ ဖွဲ့စည်းထားတဲ့အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်ဆီကို တက်ရောက်သွားခဲ့ပါတယ်။
Photo Credit : Marca
နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားတဲ့ မန်စီးတီးအသင်းဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ပထမဆုံး ရှုံးထွက်အဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ အင်တာမီလန်နည်းပြဟောင်း အင်ဇာဂီကတော့ သူ့အသင်း မထင်မှတ်ဘဲ အောင်ပွဲရခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်နေပြီး ကမ္ဘာ့ထိပ်တန်းအသင်းကြီးကို အနိုင်ရခဲ့ခြင်းနဲ့ပတ်သက်လို့ သတင်းထောက်များကို အခုလို ပြောကြားခဲ့ပါတယ်။
“ဒီနိုင်ပွဲရဲ့ သော့ချက်ကတော့ ကစားသမားတွေပါပဲ။ ကွင်းထဲမှာ သူတို့ နှစ်မြှုပ်ခဲ့တဲ့ နှလုံးသားနဲ့ စိတ်ဓာတ်ကြောင့်ပါ။ ကျွန်တော်တို့ သာမန်ထက်ပိုတဲ့ ထူးကဲတဲ့အရာတစ်ခုကို လုပ်ပြခဲ့ရတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးက ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့ သိတယ်။ အောက်ဆီဂျင်မပါဘဲ ဧဝရက်တောင်ကို တက်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပြီး ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။”
Photo Credit : Goal
“ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြပါ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်” ဟု အင်ဇာဂီက ပြောဆိုခဲ့ပါတယ်။ “ကမ္ဘာ့အကောင်းဆုံး” လို့ ချီးကျူးခံရပေမယ့်လည်း ဂွါဒီယိုလာကတော့ ၂၀၂၄-၂၅ ရာသီမှာ နောက်ထပ် ဆုဖလားတစ်ခုကို လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ အမေရိကန်တွင် ကျင်းပနေတဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းအပေါ် ဂွါဒီယိုလာက အခုလို ပြောဆိုပါတယ်။
“စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ အတူတကွ မယုံနိုင်စရာ ခရီးတစ်ခုကို လျှောက်လှမ်းခဲ့ပြီး အခြေအနေကောင်းတစ်ခုမှာ ရှိနေခဲ့တာပါ။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံအတွက် သူတို့ကို ဘယ်လိုမှ ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒါပေမဲ့ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အနိုင်အရှုံးက သိပ်မကွာပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် (ယာဆင်) ဘိုနူက မယုံနိုင်လောက်အောင် ကာကွယ်သွားခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ခံစစ်က အရမ်းဟာကွက်ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဆက်ရှိနေချင်ခဲ့တာပေါ့။ ဒါက လေးနှစ်မှာမှ တစ်ခါပဲ ကျင်းပတာလေ။ အသင်းက ကောင်းကောင်းလုပ်နိုင်တယ်လို့လည်း ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ အိမ်ပြန်ပြီး ရာသီသစ်အတွက် စိတ်ရောကိုယ်ပါ အနားယူရမယ့်အချိန်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။