မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေဈေးကွက်ရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှု (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပေမယ့် (၂)ကြိမ်လုံး ပယ်ချခံထားရပြီး ဆွေးနွေးမှုတွေကတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အားအနည်းဆုံး ဖြစ်ခဲ့တဲ့ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေကို ဖြည့်တင်းသွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာတော့ ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူထားနိုင်ပြီ ဖြစ်ပါတယ်။
Photo Credit : TNT Sports
ကူညာလိုပဲ ပြီးခဲတဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ တိုက်စစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကင်မရွန်းကစားသမား အမ်ဘူမိုကိုလည်း ပစ်မှတ်ထားလာခဲ့ပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်(၅၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရသလို နောက်ထပ် ပေါင် (၆၂.၅)သန်းနဲ့ ကမ်းလှမ်းမှုကိုပါ ထပ်မံ ပယ်ချခဲ့ပါသေးတယ်။
အမ်ဘူမိုအတွက် ဒုတိယအကြိမ် ကမ်းလှမ်းလာတဲ့ တန်ကြေးပမာဏဟာ ကူညာရဲ့ ပြောင်းရွှေ့ကြေးနဲ့ပင် တူညီနေပြီဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိတော့တဲ့ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)လောက်အထိ တိုးမြှင့်ကမ်းလှမ်းဖို့ကိုတော့ ယူနိုက်တက်ဘက်က တွန့်ဆုတ်နေပါတယ်။
Photo Credit : TEAMtalk
ဒီလို ကမ်းလှမ်းမှု (၂)ကြိမ်လုံး ပယ်ချထားခဲ့သည့်တိုင် အသင်းနှစ်သင်းကြားမှာ အပြောင်းအရွှေ့ရဲ့ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ နောက်ဆက်တွဲပေးချေရမယ့် အပိုဆုကြေး (add-ons) တွေကို အဓိကထား ဆွေးနွေးနေကြပြီး ယူနိုက်တက်ဘက်ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် ယုံကြည်မှုရှိနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမ်ဘူမိုကိုယ်တိုင်ကလည်း သူ့အနေနဲ့ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားလိုချင်ကြောင်း ဘရန့်ဖို့ဒ်အသင်းအပြင် သူရဲ့ နည်းပြဟောင်း သောမတ်စ် ဖရန့်ခ် ကိုင်တွယ်နေတဲ့ စပါးအသင်းဆီကိုပါ အသိပေး အကြောင်းကြားထားသေးတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။