အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နွေရာသီ အဓိကပစ်မှတ်ဖြစ်တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုကို ခေါ်ယူဖို့အတွက် မျှော်လင့်ချက်အသစ်တွေ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းဘက်က သူတို့ကစားသမားအတွက် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချလိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့် အာဆင်နယ်တို့အတွက် အခြေအနေကောင်းတစ်ခု ဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ဦးနဲ့ အင်အားဖြည့်တင်းဖို့ လိုအပ်နေတယ်ဆိုတာကို နည်းပြ မီခယ်လ် အာတေတာက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာက ဒီတာဝန်ကို ယူခဲ့ပြီး ဆက်စ်ကိုအပြင် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဂိုးသွင်းစက် ဗစ်တာ ယိုကီရက်စ်ကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် မကြာသေးမီက ဒီအပြောင်းအရွှေ့သတင်းတွေဟာ ပြန်လည်တိတ်ဆိတ်သွားခဲ့တာကြောင့် အသင်းရဲ့ ပရိသတ်တွေက တိုက်စစ်မှူးသစ်တစ်ယောက်ကို မြန်မြန်မြင်တွေ့လိုစိတ်နဲ့ စိတ်မရှည်ဖြစ်နေခဲ့ကြပါတယ်။ အခုတော့ ဂျာမနီရဲ့ နာမည်ကြီး Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်အသင်းဟာ သူတို့ရဲ့ မူလတောင်းဆိုမှုတွေကနေ လျှော့ချလိုက်ပြီဖြစ်လို့ ဒါဟာ အာဆင်နယ်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။

အရင်တုန်းက လိုက်ပ်ဇစ်အသင်းဟာ ဆက်စ်ကိုအတွက် ယူရို သန်း ၈၀ နဲ့ သန်း ၁၀၀ ကြား (ပေါင် ၆၈ သန်း မှ ၈၅ သန်း) တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းဟာ အာဆင်နယ်အသင်းကို တွန့်ဆုတ်သွားစေခဲ့ပြီး တခြားရွေးချယ်စရာတွေကို ပြန်လည်စဉ်းစားစေခဲ့ပါတယ်။

Photo Credit : Just Arsenal News

ဒါပေမယ့် အခုအခါမှာတော့ ယူရို သန်း ၇၀ (ပေါင် ၅၉.၇ သန်း) ဝန်းကျင်နဲ့ဆိုရင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပြီး လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။

ဆက်စ်ကိုကိုယ်တိုင်က ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် သူ့ရဲ့အေးဂျင့်ကတော့ အသင်းနဲ့ ပြဿနာဖြစ်နေတဲ့ ယိုကီရက်စ်တို့ရဲ့ ချဉ်းကပ်ပုံနဲ့ ကွဲပြားတဲ့ နည်းလမ်းကို အသုံးပြုနေပါတယ်။ လိုက်ပစ်ဇ်အသင်းကို ဈေးလျှော့ပေးဖို့ ဖိအားပေးနေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ အဲလ်ဗစ် ဘာဆာနိုဗစ်က “ဒါတွေက အမှန်တရားနဲ့ အဝေးကြီးပါ” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။