မန်ချက်စတာ ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းရဲ့ အစီအစဉ်ဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲ့နည်းပြသစ်ဖြစ်လာသူ ဂျိုဆေးမော်ရင်ဟိုက ယူနိုက်တက်နည်းပြ ရူဘန်အာမိုရင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီအပြောင်းအရွှေ့ကို ကိုယ်တိုင် ပယ်ချခဲ့တာဖြစ်ပါတယ်။
ဆန်ချိုတစ်ယောက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ဆီကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပေမယ့် ချယ်လ်ဆီး၊ ရီးရဲလ် မက်ဒရစ်နဲ့ ရိုးမားနည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုက ဖီနာဘာချီအသင်းရဲ့ ဘုတ်အဖွဲ့ကို ဆန်ချိုအားခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန့်ပြီး တောင်ပံတိုက်စစ်အတွက် အခြားရွေးချယ်စရာတွေကိုသာ ရှာဖွေဖို့ တိုက်တွန်းခဲ့ကြောင်း တူရကီသတင်းဌာန Fanatik က ဖော်ပြခဲ့ပါတယ်။
Photo Credit : The Mirror
ဒီဆုံးဖြတ်ချက်ဟာ မော်ရင်ဟိုက လက်ရှိယူနိုက်တက်နည်းပြဖြစ်သူ အာမိုရင်နဲ့ တိုက်ရိုက်ဆွေးနွေးပြီး ဆန်ချိ ဘာကြောင့် Old Trafford ရဲ့ ရေရှည်စီမံကိန်းတွေထဲမှာ မပါဝင်တော့တာလဲဆိုတဲ့ အချက်အပေါ် အတွင်းကျကျ မေးမြန်းခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နည်းပြနှစ်ဦးဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။
တင်းကျပ်တဲ့ နည်းပြစံနှုန်းတွေနဲ့ ကျော်ကြားတဲ့ မော်ရင်ဟိုဟာ ဆန်ချိုရဲ့ စိတ်အားထက်သန်မှုနဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတွေအပေါ် အခြေခံပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်တယ်လို့ နားလည်ရပါတယ်။ ပေါ်တူဂီနည်းပြကြီးက အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားလိုစိတ်မရှိဘဲ လစာငွေကောင်းကောင်းရဖို့ကိုသာ ပိုမိုစိတ်ဝင်စားနိုင်ခြေရှိတဲ့ ကစားသမားတစ်ဦးကို အသင်းဆီခေါ်ဆောင်လာဖို့ လုံးဝဆန္ဒမရှိကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Photo Credit : Goal
တူရကီမှာ အနာဂတ်မရှိတော့တဲ့နောက်မှာတော့ ဆန်ချိုဟာ အီတလီမြေမှာ သူ့ရဲ့ကစားသမားဘဝ အခန်းကဏ္ဍသစ်တစ်ခုကို စတင်ဖို့ ပိုမိုနီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ သတင်းများအရ မန်ယူနိုက်တက်ဟာ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းရဲ့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ကစားသမားနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုဆိုင်ရာ ဆွေးနွေးမှုများဟာလည်း တိုးတက်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး အပြောင်းအရွှေ့ကြေးကို နှစ်ဖက်အသင်း သဘောတူညီမှုရရှိပြီးနောက်မှာ ဆွေးနွေးမှုတွေက ပိုမိုမြန်ဆန်လာခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ကိုမိုလီဟာ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးခဲ့ရာမှာ အားရစရာကောင်းတဲ့ တုံ့ပြန်မှုတွေကို ရရှိထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမိနစ် အပြောင်းအလဲတွေ မရှိခဲ့ဘူးဆိုရင်တော့ လာမယ့်အပတ်အတွင်း ကိုမိုလီတစ်ယောက် ဥရောပကို ပြန်လည်ရောက်ရှိချိန်မှာ ဒီအပြောင်းအရွှေ့ဟာ အပြီးသတ် finalized ဖြစ်သွားဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။