မန်ချက်စတာ စီးတီးအသင်းရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းတစ်ယောက် သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပရော်ဖက်ရှင်နယ်သွင်းဂိုး ၃၀၀ ပြည့်မြောက်သွားခဲ့ပြီးနောက်မှာတော့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူ့တိုက်စစ်မှူးဆီကနေ ဘာကို တိတိကျကျ လိုချင်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဂိုးပေါင်း ၃၀၀ ဆိုတဲ့ ကြီးမားတဲ့ မှတ်တိုင်ကို စိုက်ထူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်ထားနိုင်တဲ့ သူ့ဆီကနေ ဒီထက်မကတဲ့ အောင်မြင်မှုတွေ အများကြီးလာဦးမယ်ဆိုတာကတော့ သေချာနေပါတယ်။
Photo Credit : Goal
ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်ပြီး အမြဲတစေ အကောင်းဆုံးကိုသာတောင်းဆိုတတ်တဲ့ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားရခြင်းဟာ ဟာလန်းရဲ့ မွေးရာပါအရည်အသွေးတွေကို အမြင့်မားဆုံးအဆင့်အထိ ဆွဲတင်ပေးနိုင်ခဲ့ပြီး သူတို့နှစ်ဦးဟာ ပြည်တွင်းလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို အတူတကွရယူထားပြီးသားလည်း ဖြစ်ပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေစဉ်အတွင်း ဂွာဒီယိုလာက သူ့ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးဆီကနေ ဘာကိုမျှော်လင့်နေလဲဆိုတာကို အခုလိုပဲ ဖွင့်ဟပြောကြားခဲ့ပါတယ်။ “ကျွန်တော် အာလင်းဆီကနေ တောင်းဆိုတာက ပထမဆုံးလှုပ်ရှားမှုကို အမြန်ဆုံးပြုလုပ်ဖို့ပါပဲ။ အဲ့ဒီထက်ပိုတဲ့ ပြင်းထန်မှုမျိုးမလိုပါဘူး။ ဒါပေမယ့် သူက စက်ရုပ်တစ်ရုပ်လို ဖြစ်နေရပါမယ်။ ပြီးတော့ ကျွန်တော်တို့က သူ့ကို ပံ့ပိုးကူညီပေးရမယ်။”
Photo Credit : Goal
“တစ်ခါတစ်လေ သူက ရှေ့ကိုပြေးထွက်သွားပေမယ့် ကျွန်တော်တို့အသင်းက လိုက်မသွားနိုင်တဲ့အခါတွေရှိတယ်။ ဒီနေ့ပွဲမှာတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲ့ဒီနေရာကို ရောက်အောင်သွားနိုင်ခဲ့ကြတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဂုဏ်ယူပါတယ်ပေါ့။ သူက အသက် ၂၄ နှစ်အရွယ်နဲ့ ဂိုးပေါင်း ၃၀၀ ပြည့်ခဲ့ပြီ။ ကျွန်တော် တိုက်စစ်မှူးတွေကို အရမ်းလေးစားပါတယ်။ အာလင်းအတွက် သူဂိုးသွင်းနိုင်ခဲ့တဲ့အတွက်နဲ့ နေရာကျဉ်းကျဉ်းလေးတွေထဲမှာ ပါဝင်ကစားနိုင်ခဲ့တဲ့အတွက် အရမ်း အရမ်းကို ဝမ်းသာမိပါတယ်” လို့ ဂွာဒီယိုလာက ဆိုပါတယ်။
ဟာလန်းရဲ့ ဂိုး ၃၀၀ ပြည့်မြောက်ခဲ့တဲ့ဂိုးကို ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ မန်စီးတီးက ၅-၂ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကိုအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားတဲ့အပေါ်မှာလည်း ဂွာဒီယိုလာက အကောင်းမြင်နေပါတယ်။”ကျွန်တော့်အမြင်အရတော့ မနှစ်ကရာသီမှာ ကျွန်တော်တို့မှာ မယုံနိုင်လောက်အောင်ကောင်းတဲ့ လူစာရင်းနဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား ၅၀% လောက်က ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရတော့ အသင်းရဲ့အဆင့်ကျဆင်းသွားပြီး ကောင်းကောင်းမယှဉ်ပြိုင်နိုင်ခဲ့ဘူး။ ဒီရာသီမှာတော့ ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို တတ်နိုင်သမျှ အကြာဆုံးထိန်းသိမ်းသွားဖို့ ကြိုးစားသွားမှာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။